Tuesday, July 31, 2012

စာပေ စီစစ်ရေးမှ ဂျာနယ် နှစ်စောင်အား ပြင်းထန်စွာ အရေးယူ

KO_Jounal_out_009 ပြန်ကြားရေး ဝန်ကြီးဌာန၊ စာပေ စီစစ်ရေးနှင့် မှတ်ပုံတင် ဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များအား ချိုးဖောက်သည် ဟူသော စွပ်စွဲ ချက်ဖြင့် The Voice Weekly ဂျာနယ်နှင့် Envoy Journal ဂျာနယ် နှစ်စောင်အား ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သည် ဟု မြန်မာ့ ဂျာနယ်လစ် ကွန်ယက်မှ ဖွံဖြိုးရေး တာဝန်ခံက ပြောပါသည်။ “ကျွှန်တော် Envoy Journal တိုက်ကို ဆက်သွယ် မေးမြန်းတော့ သူတို့က ဝန်ကြီး ငါးပါး ရာထူး အပြောင်းအရွှေ့ အကြောင်းကို ဖော်ပြမိလို့ ပါတဲ့၊ The Voice လည်း အဲလိုပဲဗျ။ အရင်တုန်းက ထုတ်ဝေခွင့်ကို ယာယီပဲ ရပ်ဆိုင်းတာ၊ အခုတော့ ရက်အကန့်အသတ် မရှိ ရပ်ဆိုင်း တယ် လို့ ပြောတယ်ဗျ” ဟု ဂျာနယ်လစ် ကွန်ယက် တာဝန်ခံ ကိုအောင်သူရက ပြောပါသည်။
၎င်းဂျာနယ် နှစ်စောင်ကို  သြဂုတ် လဆန်းမှစ၍ စတင်ပိတ်ပင်မည်ဖြစ်သည်။ ထုတ်ဝေခွင့် ရုပ်သိမ်းကြောင်း ကိုလည်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ စာပေ စီစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ယနေ့ နံနက်တွင် သက်ဆိုင်ရာ ဂျာနယ်တိုက် များသို့ ခေါ်ယူ၍ အကြောင်းကြား ခဲ့ခြင်းဖြစ်ပါ သည်။
ယခု နောက်ဆုံးထုတ် The Voice Weekly ဂျာနယ်၌မူ ဝန်ကြီး ဌာန အပြောင်းအရွှေ့ သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို သရော်ကာ ရေး ဆွဲထားသည့် ကာတွန်းကို မျက်နှာဖုံး၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ဤကဲ့သို့ အဖြစ်မျိုး လွန်ခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့တွင်လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး စင်ကာပူတွင် ဆေးကုသမှု ခံယူနေသည် ဟူသော သတင်းအား စာပေစိစစ်ရေးမှ ထုတ်ပြန်ခွင့် မပြုပါဟု ပိတ်ပင်ထားသည့် ကြားမှ ဖော်ပြခဲ့သည့် ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ် ပြည်တွင်း ဂျာနယ် နှစ်စောင်ကိုလည်း စာပေစီစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေး ခဲ့ဖူးပါသည်။
ထိုဂျာနယ်များကိုလည်း  စာပေ စီစစ်ရေး ခွင့်ပြုချက် မရှိသည့် သတင်းများကို နောက်တကြိမ် ဖော်ပြခဲ့လျှင် ဂျာနယ်အား ထုတ်ဝေခွင့် အပြီး တိုင် ပိတ်ပစ်မည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက သတိပေးခဲ့ပါသည်။
Ko_Jpopuref_00983The Voice weelky ဂျာနယ် မျက်နှာဖုံးအား တွေ့ရစဉ်
စာပေ စီစစ်ရေး အဖွဲ့သည်၊ ဂျာနယ်များ အပေါ် ဤကဲ့သို့ပြုမူနေချိန်တွင်  ပြန်ကြားရေး ဝန်ကြီးဌာန၏  စာပေ စီစစ်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင့်ဆွေက စာပေ စီစစ်ရေးသည် လွတ်လပ်သည့် သတင်း မီဒီယာလောက၌ မလိုအပ်တော့ဟု ဆိုကာ ၂၀၁၂ ဇူလိုင်လတွင် ရုတ်သိမ်း ပေး တော့မည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြား ခဲ့ဖူးပါသည်။
ထို့အပြင် လွတ်လပ်သည့် Press Council ဖွဲ့စည်း နိုင်ရေး၌လည်း ပြည်တွင်း မီဒီယာများနှင့် ပြန်ကြားရေး ဝန်ကြီး ဌာနတို့ အကြား၌ ညှိုနှိုင်း၍ မရသေးသည်ကို ထောက်ရှုခြင်း အားဖြင့် အစိုးရ၌ ၁၉၆၂ ပုံနှိပ်အက်ဥပဒေကို ဆက်လက် ကျင့်သုံး နေဆဲဆိုသည်ကို ထင်ရှားစေခဲ့ပါသည်။
ဂျာနယ်များ ပိတ်ပင်ခြင်းနှင့် ပါတ်သက်သော ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပြန်ကြားရေး ဝန်ကြီးဌာန စာပေစီစစ်ရေးရုံးခန်း၌ ပြည်တွင်း သတင်း မီဒီယာများ ဂျာနယ်တိုက်များမှ အယ်ဒီတာများအား ခေါ်ဆို၍ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပလျက် ရှိကြောင်း သိရသည်။
စာပေစီစစ်ရေးသည် The Voice Weekly ဂျာနယ်၏ ထုတ်ဝေခွင့်  (၆) ကြိမ်မြောက် ပိတ်ပင်ခြင်းဖြစ်ပြီး၊ Envoy Journal ဂျာနယ်ကိုမူ ဒုတိ ယ အကြိမ်မြောက် ပိတ်ပင်ခြင်းဖြစ်ပါသည်။

Add comment


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ပြီးစီး

http://www.phophtaw.org/burmese/images/stories/BC_009.jpgဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာနှင့် ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာအတွက် လူရွေးချယ် ပြီးစီးကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ကြေငြာ ထားပါတယ်။

ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်
၁။ မောင်ကျောက်ခဲ (သုစိတ္တာရုံကျောင်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့)
၂။ မောင်ကျော်ကျော်မျိုး (KBZ ဘောလုံး အဆောင်၊ ရွှေအင်ကြင်းရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပြီး

ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာတွင်
၁။ မဇာခြည်လင်း (အမှတ်-၂၊ ကိုးဆူကျောင်းလမ်း၊ ပုသိမ်မြို့နယ်)
၂။ မသင်းမြတ်သန္တာလှိုင် (ရ.ယ.က ၀န်း၊ သမာဓိလမ်း (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) တို့ကို ရွေးချယ်ထားကြောင်း သိရပါတယ်။
Source: Popular

ဒေါက်တာအောင်ခင်ဆင့်(ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ )

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း

 

ဒေါက်တာအောင်ခင်ဆင့်
ကျွန်တော် ဘီ-အိုင်-အေ ၊ ဘီ-ဒီ-အေ  ပြည်သူ့ဆေးရုံကြီးအကြောင်းရေးသားနေစဦ ``ကြိုးချင်းထား  ကြိုးချင်းညိ``  အခန်းကဏ္ဍမှ  ဗိုလ်ချုပ်အောင်ဆန်းနှင့်  ဒေါ်ခင်ကြည် ၊  သခင်သန်းထွန်းနှင့်  ဒေါ်ခင်ကြီး ၊ တို့ညားကြလေသတည်း  ရေးအပြီးမှာ  သူတို့မယားညီအကို အကြောင်းနှင့်  နှီးနွယ်ပြီး ရေးချင်စရာတစ်ခု ကြုံကြိုက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့  ပြောကြ ၊ ဆိုကြ ၊ ညင်းခုံကြ ၊ သဘောထားကွဲလွဲကြပါတဲ့  နိုင်ငံရေးအကြောင်းဖြစ်ပါတယ် ၊ (ကွန်မြူနစ် သခင်သန်းထွန်းတို့က  မကျေနပ် လို့  ဖ-ဆ-ပ-လ  အဖွဲ့ထဲမှ   ထွက်မယ်ပြောခဲ့ရာ  ဖ-ဆ-ပ-လ အဖွဲ့က ထုတ်ပြစ်မယ်ဟု ပြန်ပြောခဲ့တဲ့ အကြောင်း တို့ဖြစ်ပါတယ်)
          နိုင်ငံရေး မလုပ်တော့ဘဲ စာရေးမယ်ဆိုတဲ့ ဦးနု
          အဲဒီအချိန်ကာလမှာ  ဦးနုက သူနိုင်ငံရေးက ထွက်မယ်။ နိုင်ငံရေးကထွက်ပြီး သူရေးချင်တဲ့ နိုင်ငံရေး စာအုပ်တွေကို ရေးဘို့ကြိုးစားမယ် ၊ ဘာသာရေးစာအုပ်တွေလည်း ရေးသားမယ် ၊ နိုင်ငံရေးမလုပ်တော့ဘူး လို့ ဦးနုက ပြောလိုက်တဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။
          ခောတ်ကာလ အချိန်ကာလကတော့ ဒုတိယကမ္ဘာစစ်ကြီးပြီ၍ မြန်မာနိုင်ငံကို ဘုရင်ခံ ဆာဒေါ်မန်စမစ် ၁၉၄၅ ခုနှစ်မှ စ၍ အုပ်စိုးစဉ်ကာလမှာ ဘုရင်ခံက ယာယီအစိုးရဖွဲ့ရန် နိုင်ငံရေးအဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင် တွေနဲ့ တွေ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းက အစိုးရအဖွဲ့  ၁၁ နေရာအနက် ဖ-ဆ-ပ-လ ကိုယ်စားလှယ် ၇-နေရာပေးဘို့တောင်းပါတယ်။ ဘုရင်ခံက  ၂ - နေရာပဲပေးပါတယ်။ ဒါကို ဖ-ဆ-ပ-လ အဖွဲ့ချုပ်က ညင်းပယ် လိုက်ပါတယ်။ ဒါကြောင့် ဘုရင်ခံအစိုးရ အဖွဲ့နဲ့  ဖ-ဆ-ပ-လ အဖွဲ့ အကွဲကြီးကွဲသွားကြတယ်။ အခြားအကြောင်းအရာတွေ ကြောင့်လည်း ပြည်သူလူထုကပါ ဘိလပ်အစိုးရအပေါ်  မကျေမနပ်ဖြစ်လာခဲ့တယ်။ 
          စာရေးဆရာဦးနု ဘုရင်ခံထံစာရေး
          စာပဲရေးနေတော့မယ်ဆိုတဲ့  စာရေးဆရာ ဦးနုဟာ နိုင်ငံရေးမလုပ်တော့ဘူး ဆိုပါသော်လည်း အခုအချိန်အခါ မြန်မာပြည်မှာ မညိမ်မသက်ဖြစ်လာတဲ့အချိန်အခါ  ဦးနု မနေသာတော့ပါဘဲ သူရေးနေတဲ့ စာအုပ်တွေ ဘေးချထားလိုက်ပြီး သူစာရေးရန် မော်လမြိုင်ကျွန်း ရောက်နေရာက နေပြီး ဘုရင်ခံ ဆာဒေါ်မန် စမစ်ကို စာအရှည်ကြီး ရေးလိုက်ပါတယ်။
          ``ကျားသေ``နိုင်ငံရေးသမားဟောင်းတွေ
          စာရဲ့ အကျဉ်းချုပ်ကတော့ ဘုရင်ခံအသိအမှတ်ပြုပြီး  နိုင်ငံတော်အတွက် တာဝန်ပေးမယ့် နိုင်ငံရေးသမားဟောင်း တွေဟာ နိုင်ငံအတွက် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးကျားသေ``ကြီးတွေ ဖြစ်နေပါပြီ။  ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ပြည်သူလူထုတစ်ရပ်လုံး  ရဲ့ တခဲနက် ထောက်ခံမှုရနေတဲ့ အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်သူ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေပါရက်နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့တောင်းဆိုချက် ကို လက်မခံဘဲ  နိုင်ငံရေး ကျားသေအိုကြီးတွေနဲ့ အစိုးရဖွဲ့ထားတာဟာ မှားတယ် ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တောင်းဆိုချက်ကို အမြန်ဆုံးလက်ခံပြီး ဖ-ဆ-ပ-လ အဖွဲ့ကြီးရဲ့ ကိုယ်စားလှယ်အဖွဲ့ အစိုးရဖွဲ့ပါ -- အစရှိသဖြင့် ဦးနုက  ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို  အကျယ်တဝင့်တိုက်တွန်းထားပါတယ်။
          ဦးနုကို ဘုရင်ခံဘိတ်ခေါ်
          တနင်္ဂနွေ တစ်ပါတ် လောက်ကြာတော့  မော်လမြိုင်ကျွန်းမှာ  စာရေးနေတဲ့ ဦးနုကို ဘုရင်ခံက လာရောက် တွေ့ဆုံဖို့  ဖိတ်ခေါ်ပါတယ်။ ဘုရင်ခံနဲ့တွေ့တော့ ဦးနုက  ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူ လူထုရဲ့ထောက်ခံမှုကို ကောင်းစွာရနေတဲ့အကြောင်း  ၊ ဗိုလ်ချုပ်နဲ့ ဘုရင်ခံကိုတွေ့ဆုံကြဘို့  တိုက်တွန်းလိုက် ပါတယ်။
          ဗိုလ်ချုပ်နဲ့ ဘုရင်ခံတွေ့ဆုံရန် သဘောတူလိုက်လို့  ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်နဲ့ ကိုယ်စားလှယ်တွေဟာ ဘုရင်ခံကို သွားတွေ့ကြတယ်။ တွေ့တဲ့အခါ  ဘုရင်ခံက အစိုးရအဖွဲ့ထဲကို ဗိုလ်ချုပ်အောင်ဆန်းဝင်ရန်  တိုက်တွန်းတယ်။ ဗိုလ်ချုပ်က သူတောင်းဆိုထားတဲ့ တောင်းဆိုချက်ကို  လက်ခံဘို့ ဘုရင်ခံကို ပြောပါတယ်။
          ဘုရင်ခံနေမကောင်း၍ ပြန်
          အဲဒီရက်အတွင်း  ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ နေမကောင်းလို့ ရာထူးက နှုတ်ထွက်ပြီး  ဘိလပ်ပြန်ရမှာမို့  ဗိုလ်ချုပ်ရဲ့တောင်းဆိုချက်ကို ဘိလပ်အစိုးရ လက်ထဲအရောက်  ပို့ပေးပါ့မယ်လို့ တာဝန်ယူ ဝန်ခံလိုက်ပါတယ်။ ဗိုလ်ချုပ် နဲ့ ဘုရင်ခံတို့ ပြေလည်သွားတယ်ဆိုတဲ့ သဘောပါပဲ။
          ဘုရင်ခံ စာရေးထားခဲ့
          သူ့ကိုယ်စား  ဘုရင်ခံ  တာဝန်ယူမည့်သူထံ  ဆာဒေါ်မန်စမစ်က စာတစ်စောင်ေ၇းထားခဲ့တာကတော့ ကျွန်ုပ်ဟာ  ဗိုလ်ချုပ်ကို ရိုးသားတည်ကြည်သူ အဖြစ် နဲ့လက်ခံတယ်။  သူ့ရဲ့ ဖ-ဆ-ပ-လ အဖွဲ့တစ်ဖွဲ့တည်းသာ လျှင် တစ်နိုင်ငံလုံးကို ကျယ်ကျယ်ပျံ့ပျံ့ စည်းရုံးနိုင်တဲ့  နိုင်ငံရေးအဖွဲ့ဖြစ်တယ်။ ဗိုလ်ချုပ်ဟာ ငြိမ်းချမ်းေ၇းနဲ့ ငြိမ်ဝပ်ပိပြားရေးကို ရရှိအောင် ကြိုးစားနေတယ်လို့ ကျွန်ုပ်ယူဆတယ်--- အစရှိသည့် အချက်တို့ကို  ဆာဒေါ်မန်စမစ်က ထည့်သွင်း ရေးသားခဲ့တာ တွေ့ရှိရပါတယ်။
          ဦးနု မပြန်ရန် တားကြ
          ဘုရင်ခံနဲ့တွေ့အပြီး  ဦးနု မော်လမြိုင်ကျွန်းကို မပြန်ရန်  အားလုံးက တောင်းပန်ကြသော်လည်း စာပြန်ရေးမယ် ၊ ပြန်တော့မယ် လို့ဆုံးဖြတ်ပြီး  ဦးနု မော်လမြိုင်ကျွန်းကို ပြန်သွားတယ်။ နိုင်ငံရေးတစ်အုပ် ရေးပြီးတဲ့အခါ ဦးနုကြားတာက ဘုရင်ခံနဲ့ တွေ့အပြီး မှာ  ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဖ-ဆ-ပ-လ အဖွဲ့ကို အကျေမချမ်းနိုင်ဖြစ်ပြီး  သဘောကွဲလွဲနေကြတယ်လို့  ဦးနု ကြားသိရပါတယ်။ ကြားရုံတင်မဟုတ်ဘူး။ ကွန်မြူနစ်တွေ မြှောက်ပေးလို့  တောင်သူလယ်သမားတွေ  မော်လမြိုင်ကျွန်းမှာ စီတန်းလှည့်လည်၍ ဆန္ဒပြကြတာ ဦးနုကိုယ်တိုင်တွေ့လိုက်တယ်။
          ကွန်မြူနစ်တွေ ဗိုလ်ချုပ်ကို ထိပါး
          ဦးနု တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ဗိုလ်ချုပ်လုပ်နေတာတွေ ကောင်းပါရက်နဲ့  ကွန်မြူနစ် မြှောက်ပေးလို့ တောင်သူလယ်သမားတွေ လုပ်ကြတာဘဲလို့  ဦးနုယူဆချက်နဲ့ ရန်ကုန်ကို ချက်ချင်းပြန်လာ ခဲ့တယ်။
          ဦးနု သခင်သန်းထွန်းကိုပြော
          ရန်ကုန် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှာ သခင်သန်းထွန်းနဲ့ တွေ့တွေ့ချင်း ဦးနုပြောလိုက်တာကတော့ ``ကိုသန်းထွန်း  ခင်ဗျားတို့ သိဘို့ကောင်းတာက တစ်နိုင်ငံလုံးစည်းရုံးပေးနိုင်တာ  ကိုအောင်ဆန်း တစ်ယောက်ပဲ ရှိတယ်ဆိုတာ  သိဖို့ကောင်းတယ်--ခင်ဗျားတို့လဲ စုစည်းမပေးနိုင်ဘူး ၊ ကျုပ်လဲ စုစည်း မပေးနိုင် ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးက လွဲလို့ ဘယ်သူမှစုစည်းမပေးနိုင်ဘူး ။ပြည်သူတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းက လွဲလို့ ဘယ်သူ့ကိုမှ မထောက်ခံဘူး ၊ မယုံကြည်ကြဘူး။ ဒါကြောင့် ပြည်သူတို့ ဗိုလ်ချုပ်ကို လေးစားနေတဲ့ လေးစားမှုကို မပျောက်ပျက်စေချင်ဘူးဗျာ-- ``လို့ ဦးနုက သခင်သန်းထွန်းကို ပြောပါတယ်။
          ပြန်လိုက် သွားလိုက် ဦးနု
          ဦးနု ရန်ကုန်ကနေ  မော်လမြိုင်ကျွန်းကို ပြန်သွားပြန်ပါတယ်။  ဘယ်သူတားတား ဦးနုက မပြန်ဘဲ မနေဘူး။ စာလဲ ရေးဖြစ်နေပါတယ်။
          ဘုရင်ခံအသစ်ရောက်လာ
          တစ်ပတ်လောက်ကြာတော့ ဘုရင်ခံအသစ် မြန်မာပြည်ကို ရောက်လာပါတယ်။ ဆာဟူးဘတ်ရန့်စ် ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးအပြီး မှာ  ဗိုလ်ချုပ်အောင်ဆန်း တင်ပြတောင်းဆို ထားတဲ့ တောင်းဆိုချက်ကို ဘုရင်ခံက လက်ခံကြောင်း ပြောကြားလိုက်တာကြောင့်ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေဟာ ဘုရင်ခံအသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရအသစ် အဖွဲ့ထဲ ဝင်လိုက်ကြပါတယ်။
          အစိုးရသစ်ထဲ ဗိုလ်ချုပ်ဝင်
          အစိုးရသစ် အဖွဲ့ထဲ ဖ-ဆ-ပ-လ ကိုယ်စားလှယ်အဖွဲ့များ ဝင်လိုက်တာကို ဦးနုကြားလိုက်တော့  သိပ်ဝမ်းသာသွားပါသတဲ့ ။ ဒါပေမယ့် ဖ-ဆ-ပ-လ အဖွဲ့ကို ဆက်လက်ကိုင်တွယ်တာဝန် ယူနိုင်မယ့်သူ ဘယ်သူလဲ ဆိုတာကို  ဦးနု စဉ်းစားတွေးတောနေပါတဲ့။  ဆိုလိုတာက ဦးနု ဖ-ဆ-ပ-လ အဖွဲ့ကြီးအပေါ် သံယောဇဉ်ကြီးမားနေသေးကြောင်း ပြောကြတာပါ။
          ဦးနုပြန်လာရန် ဗိုလ်ချုပ်စာရေး
          ဗိုလ်ချုပ်အောင်ဆန်းက အစိုးရနဲ့  တာဝန်ယူနေရပြီဖြစ်တာကြောင့်  ဖ-ဆ-ပ-လ အဖွဲ့ကြီးကို  ဦးနုတာဝန်ယူရန်  စာရေးအကြောင်းကြားရပြန်ပါတဲ့။ အခြားနိုင်ငံရေးပုဂ္ဂိုလ်တွေကလည်း ဦးနု မြန်မြန်ပြန်လာပါ ပြန်လာပါနဲ့ ခေါ်သူကခေါ်။ စာရေးအကြောင်းကြားသူကကြားနဲ့  ဦးနုဘယ်လိုမှငြင်းမရတော့သည့်အခါ  ရန်ကုန် ဖ-ဆ-ပ-လ အဖွဲ့ချုပ် ကိုပြန်လာခဲ့ရပါတယ်။ စာရေးဆရာဘဝတော့ မပျက်စေရဘူးလို့  ဦးနုက ပြန်ပြောပါသေးသတဲ့။
          ဗိုလ်ချုပ်မိသားစု ဦးနုအိမ်သွား
          ဦးနုအိမ်ကို နောက်နေ့ ညနေမှာ  ဗိုလ်ချုပ်အောင်ဆန်း သူ့မိသားစု သားသမီးတို့နဲ့အတူ ဒေါ်ခင်ကြည် လည်းပါလာလျှက်  ဦးနုအိမ်ရောက်လာကြပါတယ်။
          ရွှေဒင်္ဂါးတွေ  ရွှေဒင်္ဂါးတွေ
          ခရီးမဆိုက် ဒေါ်ခင်ကြည်က ဦးနုလက်ထဲအရောက် စီးကရက်သံဗူးတစ်ဗူး ရိုရိုသေသေ ပေးလိုက်ရာ ဦးနုက ပြောပါတယ်။ ဘူးကလေး သေးသေးကလေးပါလား  ဘာတွေလဲဟု မေးပါသေးတယ်။ ဒေါ်ခင်ကြည် ဖြေကြားလိုက်သည်မှာ ဗိုလ်ချုပ်ကို လေးစားကြတဲ့ပြည်သူတွေက နိုင်ငံတော်အတွက် ဗိုလ်ချုပ်သုံးဘို့ စွဲဘို့ လာပေးထားတဲ့ ရွှေဒင်္ဂါးတွေပါ ကိုကြီးနုဟု ဖြေကြားလိုက်ပါသည်။ ကိုကြီးနု ဥက္ကဋ္ဌဖြစ်ပြီ ဆိုတော့ ဖ-ဆ-ပ-လ အဖွဲ့အတွက် ကိုကြီးနု သုံးဖို့အတွက်ပါဘဲ ဟု ဒေါ်ခင်ကြည်က ပြောလိုက်ပါသည်။
          သုံး-လေး  နှစ်ကြာတဲ့အခါ  ဦးနု ဘီရိုရှင်းတဲ့ တစ်နေ့မှာ  အဲဒီရွှေဒင်္ဂါးဘူးကို ပြန်တွေ့တော့  ဒေါ်ခင်ကြည် ကိုချက်ချင်းခေါ်ပြီး  ဗိုလ်ချုပ်လည်း ကုသိုလ်ရအောင် ဒီရွှေဒင်္ဂါးတွေကို သာသနာရေး အဖွဲ့ကို ဒီနေ့ပဲ သွားလှုကြရအောင် ဟု ကိုကြီးနုက  ဒေါ်ခင်ကြည်ကို ပြောပါသည်။
          ဗိုလ်ချုပ်ရော ဦးနုပါ ရွှေဒင်္ဂါး မမက်မော
          ဗိုလ်ချုပ်ရော ကိုကြီးနုပါ ရွှေဒင်္ဂါးတွေကို နှစ်ယောက်စလုံး ဘယ်သူမှ မမက်မော တန်ဘိုးမထား ၊ ကိုယ်ရေးကိုယ်တာအတွက်လည်း မသုံးစွဲ နောက်ဆုံးသာသနာရေးအတွက် လှုဒါန်းလိုက်ပါတယ်။
          ဦးနုမနေသာ၍ နိုင်ငံရေးလုပ် ဖ-ဆ-ပ-လ အဖွဲ့ ရုံးချုပ်မှာ ရုံးစထိုင်နေပါပြီ။ နှစ်နာရီဘဲ နိုင်ငံရေးလုပ်မယ် ကျန်တဲ့အချိန်တွေ စာရေးမယ်လို့ ပြောပါသေးတယ်။ နေ့မအား ညမအား နိုင်ငံရေးကို တိုင်းပြည်အတွက် ဦးနုလုပ်နေရပြီဆိုတာကို  ဦးနုဘာမှမပြော နိုင်တော့ပါ။
          ဦးနုလုပ်နေတဲ့ နိုင်ငံရေးအကြောင်း ကျွန်တော်ပြောပါရစေ။
          ``ကျော်ငြိမ်း  ငါ့ခေါင်းထဲမှာ  အမြဲစဉ်းစားတာ တစ်ခုရှတယ်ကွ`` ဦးနုပြောတာပါ။
          အတွင်းရေးမှုး ဦးကျောငြိမ်းက ``ဘာလဲ အကိုကြီး``ဟု မေးပါတယ်။ ``အိန္ဒိယအစိုးရအတွက် ဘိလပ်က လွတ်လပ်ရေးပေးမယ်လို့ ကြေညာပြီး  ဒို့ဗမာအတွက်  တော့ လွတ်လပ်ရေးအကြောင်း မကြေညာတာ မပြောတာဟာ  ဘာဖြစ်လို့လဲ မင်းသိလား ကျော်ငြိမ်း``
          ``ဘာဖြစ်လို့လဲ အကိုကြီး`` ကိုကျော်ငြိမ်းက ပြန်မေးပါသည်။
          လွတ်လပ်ရေး ဆုံးဖြတ်ချက်ချ
          အိန္ဒိယမှာ တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်တဲ့  မဟတ္တမဂန္ဒီ ရှိသလို ဒို့ဆီမှာလည်း တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။  အဲဒါကြောင့်  ဒို့လွတ်လပ်ရေးအတွက်  ဆုံးဖြတ်ချက်တစ်ခုခုကို ချပြီး  တိုက်ပွဲဝင်ချင်တယ်။ ငါ့မှ ဒီဆန္ဒတစ်ခုရှိကြောင်း  မင်းက ဗိုလ်ချုပ်ကို သွားပြောပြပါ။ တိတိကျကျပြောရအောင် ငါထပ်ပြောပြမယ်။  ဒီလိုကွ တစ်နှစ်အတွင်း မြန်မာပြည်ကို လွတ်လပ်ရေးပေးမယ် လို့ ဘိလပ်အစိုးရက ကြေညာရန် အကယ်၍ ပေးမည်ဟု မကြေညာရင် ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ နှုတ်ထွက် ပြီး လွတ်လပ်ရေးအတွက် အနုနည်းနဲ့ အာဏာဖီဆန်ရန် ၊ အဲဒီအချက်နှစ်ခုကို ပြည်တွင်းမှာလည်း ကြေညာမယ်။ ဘိလပ်အစိုးရကိုလည်း အကြောင်းကြားမယ်။ ကျော်ငြိမ်း   ဗိုလ်ချုပ်ကို အခုငါပြောတဲ့ ကိစ္စ အပြည့်အစုံသွားပြောပါ ။ဒါပဲ။  ဦးကျော်ငြိမ်းဟာ အတွင်းဝန်ရုံးမှာ ရုံးထိုင်နေတဲ့ ဗိုလ်ချုပ်ကို အပြည့်အစုံပြောပြလိုက်ပါသည်။ သုံးနာရီလောက်ကြာတဲ့အခါ ဦးကျော်ငြိမ်းပြန်လာပြီး ကိုကြီးနုကို ပြောသည်မှာ ဒီနေ့ညနေ ဖ-ဆ-ပ-လ အမှုဆောင် အစည်းအဝေးခေါ်မယ်ဟု ဗိုလ်ချုပ်က ပြောလိုက်ပါတယ်။
          ဦးနုအဆိုတင်
          ညနေ အလုပ်အမှုဆောင် အစည်းအဝေးမှာ ဦးနုက အထက်ပါ သူ့အဆိုကို တင်တယ်။ ဦးကျော်ငြိမ်းက ထောက်ခံတယ်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ တပ်ပေါင်းစုဖြစ်တဲ့အတွက် အားလုံးရဲ့ ဆုံးဖြတ်ချက် ကိုစောင့်ကြည့်နေပါတယ်။ ကွန်မြူနစ်တွေ အများစုက လွတ်လပ်ရေးကို တောင်းမယူရဘူး။ တိုက်ယူရမယ်ဆိုပြီး ကန့်ကွက်ပါတယ်။ ကျန်တဲ့သူတွေက ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်နေဟန် တူပါတယ်။
          ဗိုလ်ချုပ်ဘာမှမပြော
          ဗိုလ်ချုပ်အောင်ဆန်းကလည်း ဘာမှမပြောဘဲ နားထောင်နေပါတယ်။ သူကန့်ကွက်လိုက်လျှင် အားလုံးက ကန့်ကွက်တာ သဘောတူသွားမယ်။ သူထောက်ခံလိုက်ရင်လည်း အားလုံးက ထောက်ခံသွားကြမယ်။ ဒါကြောင့် ဗိုလ်ချုပ်က အများဆန္ဒစောင့်နေကြတဲ့သဘော ၊ အများဆန္ဒသိလိုတဲ့ သဘောတို့ကြောင့် ဗိုလ်ချုပ်ငြိမ်နေပါတယ်။ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်မပြောပါဘူး။ အများထံမှ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။
          နောက်ည အစည်းအဝေးပြောင်း
          ဦးနု တင်လိုက်တဲ့ အဆိုကို အဖွဲ့ဝင်တွေ အတော်များများ စိတ်ဝင်စားသွားတာကတော့ အမှန်ပါပဲ။ အမှုဆောင်အဖွဲ့ ဆွေးနွေးနေတာ  ည  ၁၂  နာရီကျော်သွားတော့ ဗိုလ်ချုပ်က နောက်နေ့မှ  ထပ်ဆွေးနွေးကြ ဘို့ အစည်းအဝေးကို နောက်နေ့ညနေ ပြောင်းလိုက်ပါတယ်။
          ဦးနုအဆို ဗိုလ်ချုပ်ထောက်ခံ
          နောက်နေ့ ညနေ စောစောလေးမှာ  အစည်းအဝေးမစမီ  ဗိုလ်ချုပ်အောင်ဆန်း ဖ-ဆ-ပ-လ ဋ္ဌာနချုပ်ရောက်လာပြီး  ဦးနုနဲ့ နှစ်ဦးတည်း တွေ့ကြတယ်။ ဦးနုရဲ့ အဆိုတင်သွင်းချက်ကို ဗိုလ်ချုပ် အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပြီး  ဦးနုနဲ့တွေ့တဲ့အခါမှာ ဦးနုပြောတဲ့ အတိုင်းလုပ်ဖို့ကိုင်ဖို့  ဗိုလ်ချုပ်က သူလက်ခံ ကြောင်း လက်ခံမလုပ်ရင် လွတ်လပ်ရေး တောင်းဆိုတဲ့ အခြေခံပျောက်ကွယ်သွားလိမ့်မယ်လို့  ဗိုလ်ချုပ်က ပြောပါတယ်။
          အာဏာဖီဆန်ရေးလည်းပါ
          အာဏာဖီဆန်ရေးဆိုတဲ့ လုပ်ဆောင်ချက်ကိုတော့ ပျော့ပျော့လေးစလုပ်ရမယ်။ ကျွန်တော်တို့ ဗမာတွေက သိပ်စိတ်ဆတ်တယ်။ လုပ်ပြီဆိုရင် အပြတ်လုပ်တတ်ကြတယ်။ အတုယူရမှာက အိန္ဒိယက မဟတ္တမ ဂန္ဒီဟာ လွတ်လပ်ရေးရဖို့ အနုနည်းနဲ့ အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ ပြည်သူတွေ လိုက်နာဖို့ ကြိုးစားတယ်။ မလိုက်နာသူတွေလည်း ပေါ်ခဲ့တယ်ပေါ့။ ဒါပေမယ့် အောင်မြင်ခဲ့တယ်။
          မဟတ္တမ ဂန္ဒီနှင့်  ဗိုလ်ချုပ်
          မဟတ္တမဂန္ဒီ မူအတိုင်း ပျော့ပျော့လေး ဖြစ်အောင်ကြိုးစားမယ်။  ကြမ်းကြမ်းတမ်းတမ်းရောက်မသွား အောင် ကြိုးစားကြဖို့လိုပါတယ်။ ကိုကြီးနုကို ကြိုတင်ပြောအပြီး အစည်းအဝေးစလျှင်စခြင်း  ဗိုလ်ချုပ်က ဦးနုကို သူပြောထားတဲ့အတိုင်း အစည်းအဝေးမှာ ပြောလိုက်တဲ့အခါ အဖွဲ့အစည်းအားလုံးက ဗိုလ်ချုပ်ဆုံးဖြတ်ချက် ကိုလက်ခံလိုက်ကြပါတယ်။
          ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက် အကျဉ်းချုံးပြောရရင်-
          တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမယ်လို့ ဘိလပ်အစိုးရက ကြေညာရမယ်။
          ပေးမယ်လို့ မကြေငြာရင် အစိုးရအဖွဲ့မှ  နှုတ်ထွက်ပြီး အာဏာဖီဆန်ကြရမယ် ဆိုတဲ့ဆုံးဖြတ်ချက်ပါဘဲ။ ဗိုလ်ချုပ်ကို အားကိုးတကြီးနဲ့ ရှေ့တန်းတင်ပြီး လွတ်လပ်ရေး ရရေး ဦးနု ကြိုးစားခဲ့တာပါ။ ဗိုလ်ချုပ်ကတော့ တိုင်းသူပြည်သားများရဲ့ အားပေးမှုများ ရနေတာက တရားလွန်ဖြစ်နေတဲ့ အချိန်အခါပါပဲ။
          ကွန်မြူနစ်တွေက ကန့်ကွက်
          ကွန်မြူနစ် အဖွဲ့ဝင်တွေကတော့  လွတ်လပ်ရေးကို တိုက်ယူရမယ်။ တောင်းမယူရဘူး။ သူတို့ဒါကို မကျေနပ်လို့ အဖွဲကနေပြီးထွက်ကြတယ်။  အဖွဲ့ကလည်း ထုတ်ပြစ်တယ်လို့ ပြောပါတယ်။
          ကျွန်တော် ပခုက္ကူသား တင်စိုး
          ကျွန်တော်က ပခုက္ကူသားဆိုတော့ ဒီကွန်မြူနစ်တွေအကြောင်း ကောင်းကောင်းသိခဲ့တာကတော့ သခင်စိုး ဆင်စွယ်ရွာ ပခုက္ကူနားမှာ လူတွေသတ်လိုက်တာ  ၇၀ -- ၈၀  ကျော် သေခဲ့ဘူးပါတယ်။ ပခုက္ကူ ဦးအုန်းဖေတောင် ထွက်ပြေးတာ စောလို့ အသက်ရှင်ကျန်နေခဲ့တယ်။
          သခင်သန်းထွန်းနဲ့ ပတ်သတ်လို့ကတော့ ဂိုရှယ်ခေါ်  ရဲဘော်ဘတင်။ မူကာဘီကုလားကြီး ။ အတွင်းရေးမှုး ရဲဘော်ဋ္ဌေး ။ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်) အားလုံး အားလုံး အချင်းချင်း သတ်ကြ သေကြ။ ပဲခိုးရိုးမ ဖ-ဆ-ပ-လ ကထွက်အပြီး အဲဒီလို ကွဲကြ ၊ ပြဲကြ ၊ သတ်ကြနဲ့ ဇာတ်သိမ်းခဲ့ကြတယ် ပေါ့။
ကျွန်တော် ဆက်ပြောချင်တာကတော့ ဗိုလ်ချုပ်နဲ့ ဦးနု ဖ-ဆ-ပ-လ အဖွဲ့ချုပ်တို့ တိုင်းပြည်အတွက် လုပ်ကြ တာကိုဘဲ ဆက်ပြောပါရစေ။
          ဘိလပ်မှ ဘိတ်စာရ
          ၁၅  ရက် ၊ ရက်  ၂၀ မျှမကြာမီမှာ ဗိုလ်ချုပ်ထံ ဘိလပ်အစိုးရက  ဘိလပ်ကို လာရောက်တွေ့ရန် ဖိတ်ကြားစာ ရောက်လာတာကြောင့် ဦးနုထံ ဦးကျောငြိမ်း ဝမ်းပမ်းတသာသွား၍ ပြောကြားလိုက်ပါသည်။
          ဦးနုချက်ချင်း ဦးကျော်ငြိမ်းကို မေးလိုက်တဲ့မေးခွန်းက ``လွတ်လပ်ရေးအကြောင်းပါရဲ့လား`` လို့ ဦးနုချက်ချင်းပြန်မေးလိုက်တာကို  ဦးကျော်ငြိမ်းက ဒီလို လွတ်လပ်ရေးအကြောင်း သီးခြားရေးမဖိတ်ပါဘူး။ လာရောက်တွေ့ဆုံရန်အကြောင်းသာပါကြောင်း ပြောလိုက်ပါသည်။ ဦးနု အကြီးအကျယ်စိတ်ဆိုးပြန်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ဘိလပ်လာမယ်လို့ ပြန်ကြားထားလို့ လက်လွန်ပြီးဖြစ်ကြောင်း ပြန်ပြောပါတယ်။
          ဦးနုက ဖ-ဆ-ပ-လ ဗဟိုလ် ဦးစီးအဖွဲ့ သဘောတူလျှင် သူဘုရင်ခံကို ချက်ချင်းသွားတွေ့မယ် ။ သဘောတူကြလား။ သွားခွင့်ပြုကြမလားလို့  ဦးနုမေးမြန်းချက်ကို အားလုံးက ဘုရင်ခံကို သွားတွေ့ပြီး လွတ်လပ်ရေးအကြောင်း သွားပြောရန်  ခွင့်ပြုလိုက်ကြပါ၍ ဦးနု ချက်ချင်း ဦးကျော်ငြိမ်းနဲ့အတူ ဘုရင်ခံကို သွားတွေ့ဖြစ်ပါသည်။
          လွတ်လပ်ရေးအကြောင်းပြောရန် ဦးနု ဘုရင်ခံဆီသွား
          ဦးနု ဘုရင်ခံနှင့် တွေ့သောအခါ ဦးနု လွတ်လပ်ရေးအကြောင်းပြောနေတာကို ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က လေးလေးစားစား နားထောင်နေတာ တွေ့ရကြောင်း ၊ ဘုရင်ခံက ယခု ဦးနု တင်ပြတဲ့ လွတ်လပ်ရေးအခြေခံ အကြောင်းအရာ ပြည့်ပြည့်စုံစုံကို  ဘိလပ်အစိုးရထံ ချက်ချင်း အကြောင်းကြားပေးပါမည် ဟု ဦးနုနှင့်  ဦးကျော်ငြိမ်းတို့အား ပြောပြလိုက်ပါသည်။
          ဘိလပ်မှ စာပြန်လာ
          မကြာမီရက်အတွင်း  ဘိလပ်အစိုးရထံမှ ဗိုလ်ချုပ်ထံ စာတစ်စောင်ရောက်လာခဲ့ရာ စာအကျဉ်းချုပ်မှာ
          ၁။ ဗြိတိသျှအစိုးရ လက်အောက်တွင် မနေလိုတော့သည့် တိုင်းပြည်များကို နေအောင်တိုက်တွန်း ဆွဲထားရန် ကျွန်ုပ်တို့တွင် ဆန္ဒမရှိပါ။
          ၂။ ယခုလက်ရှိ မြန်မာပြည်ကို  အင်္ဂလိပ်အစိုးရနှင့် ပူးတွဲအုပ်ချုပ်နေသည်မှာ ဖ-ဆ-ပ-လ အဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးတွဲအစိုးရဖြစ်ပါတယ်။
          ၃။ လွတ်လပ်ရေးရရန် ကြိုးစားချီတတ်သည့်အခါ  မြန်မြန်ကြိုးစားရမည်ဖြစ်သော်လည်း စည်းကမ်းတကျ ချီတတ်ရန်မှာ အရေးကြီးကြောင်း အကြံပြုလိုက်ရပါသည်။ဟု  ဘိလပ်ဝန်ကြီးချုပ် အက်တလီ က ပါလီမန်မှာ  ကြေငြာပြီးကြောင်း ဖော်ပြထားသည့်စာ ဗိုလ်ချုပ်အောင်ဆန်းထံ ရောက်လာပါသည်။ သို့ပါ၍ ဘိလပ်သွားရန် ဆုံးဖြတ်လိုက်ကြပါသည်။
          ဘိလပ်သွားရန်အဆိုကို ဖ-ဆ-ပ-လ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က သဘောတူလက်ခံလိုက်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွားရန် ဆုံးဖြတ်ပြင်ဆင် လုပ်ကိုင်ကြပါတော့သည်။ ဘိလပ်သွားရေး ပြင်ဆင်နေစဉ် ဦးနုထံမှ ဗိုလ်ချုပ်ထံ ဦးကျော်ငြိမ်း လွှတ်ပြီး ပြောခိုင်းတဲ့ကိစ္စ --
          ဘိလပ်မှာ ဘာဆွေးနွေးမှာလဲ
          လွပ်လပ်ေ၇း  ရရေး ကိစ္စတစ်ခုပြီးသွားလို့ အောင်မြင်ပြီလို့ မဆိုနိုင်သေးပါဘူး  ဟု ဦးနုပြောပါသည်။ လုပ်စရာကိစ္စတစ်ရပ် လုပ်ရန် ဗိုလ်ချုပ်က အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ် ခေါ်ပေးရအုံးမယ် ဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်များ ဘိလပ်အစိုးရနှင့် တွေ့တဲ့အခါ ဘာတွေ ဆွေးနွေးမလဲဆိုတာ ကြိုတင်စဉ်းစားထားသင့်တဲ့အကြောင်း ဦးနုက ဗိုလ်ချုပ်ကို ပြောပါတယ်။ ဗိုလ်ချုပ်က ဦးနုပြောမယ့်ကိစ္စကို ကြိုတင်သိချင်လို့ ဦးနုကိုမေးလိုက်တဲ့အခါမှာ ဦးနုပြောတာကို အကျဉ်းချုံးပြောပြပါရစေ။ 
          ဘိလပ်မသွားခင် ဆုံးဖြတ်စရာများ
          ဦးနုက လွတ်လပ်ေ၇းကိစ္စဆွေးနွေးရာမှာ ထည့်သွင်း ဆွေးနွေး စဉ်းစားရမှာက ကြိုတင်၍ ရွေးကောက်ပွဲတစ်ခု ပါတီပေါင်းစုံပါဝင်ပြီး ညီညွတ်စွာ ဥပဒေအတွင်းက ကျင်းပတဲ့ ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ရန်လိုပါသည်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အဖွဲ့ပေါင်းစုံ ပါတဲ့အဖွဲ့ အစိုးရဖွဲ့ပြီး  ဗြိတိသျှအစိုးရက အဲဒီအစိုးရကို အာဏာလွှဲပေးရမယ် ဆိုကြောင်း ပြီးတော့မှ အဲဒီအစိုးရမှ ဦးဆောင်ပြီး နိုင်ငံတော်သစ်အတွက် အခြေခံအုပ်ချုပ်ရေးစည်းမျဉ်း  ဥပဒေကို ရေးဆွဲရမယ်ဟု ဦးနု ကြိုးစားစီမံနေခြင်း ဖြစ်ပါသည်။
          ဦးနုမကြိုက်တဲ့ရွေးကောက်ပွဲ
          ရွေးကောက်ပွဲဥပဒေနဲ့ ပါတ်သတ်လို့ ဦးနုမကြိုက်တဲ့ဥပဒေက ၁၉၃၅ -ခုနှစ်  ၉၁ ဋ္ဌာန ဥပဒေကို မကြိုက်ဘူး။ အဲဒီဥပဒေနဲ့ အထွေထွေရွေးကောက်ပွဲရဲ့အဆိုက အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်မရှိဘူး။ အရွယ်ရောက်ပြီး ပစ္စည်းပိုင်ဆိုင်မှု ဘယ်လောက်ရှိမှ  အခွန်ထမ်းမှုပြုတဲ့သူဆိုတဲ့  မဆိုင်တဲ့ ကိစ္စတွေ အစရှိသည်တို့နှင့် မဲဆန္ဒ ရှင်တစ်ယောက်အတွက် အရည်အချင်းတွေ ကန့်သတ်ထားတာ ဦးနုက မကြိုက်ဘူး။ 
          ဦးနုကြိုက်တဲ့ ရွေးကောက်ပွဲ
          ဦးနုကြိုက်တာက အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိတဲ့ ဥပဒေကို ဦးနုကြိုက်တယ်။ အဲဒီဥပဒေပါ ရွေးကောက်ပွဲကို ``တိုင်းပြုပြည်ပြု လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ``လို့ခေါ်တယ်။ အဲဒီတိုင်းပြုပြည်ပြု လွတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ က လွတ်လပ်ရေးရရှိနေတဲ့ တိုင်းပြည်တွေမှာ လုပ်ကြတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ ဦးနုက ဖ--ဆ-ပ-လ ဗဟိုလ် အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒါကိုတင်ပြလိုက်တာပါပဲ။ ဗဟိုလ် အစည်းအဝေးက ဘုရင်ခံထံ ဦးနုသွားတင်ဖို့ အကြံပြုတာကြောင့် မြန်မာနိုင်ငံ ဘုရင်ခံထံ ဤရွေးကောက်ပွဲ နှစ်ခုကို ဦးနုနှင့် ဦးကျော်ငြိမ်းတို့ တင်ပြတဲ့အခါမှာ ဘိလပ်ရောက်မှ တင်ပြဆုံးဖြတ်ပါရန် ဘုရင်ခံက အကြံပြုပါတယ်။ ဗဟိုလ် အလုပ်မှုဆောင် အဖွဲ့မှ ဝန်ကြီးဖြစ်မှ ဘိလပ်အစည်းအဝေးတတ်ရမည် ဆိုပါ၍ ဦးနုကို ဝန်ကြီး တစ်နေရာခန့်ပြီး  ဘိလပ်လိုက်သွားရန် အဖွဲ့ဝင်တွေက အကြံပြုသေးတာကို ဗိုလ်ချုပ်က မြန်မာပြည်တွင်းမှာအရေးကြုံလာပါက ဦးနုလုပ်ကိုင်စရာပေါ်လာပြီး ဖြေရှင်းရဦးမှာမို့  ဘိလပ်မလိုက်ဘဲ မြန်မာပြည်မှာနေရစ်ခဲ့ဘို့  ဗိုလ်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်.။
          အရေးကြီးကိစ္စ ဗိုလ်ချုပ်ပြော
          အရေးကြီးဆုံးကတော့ ဘိလပ်ဆွေးနွေးပွဲ ပျက်ခဲ့ပါလျှင် ဆုံးဖြတ်ချက်အတိုင်း အာဏာဖီဆန်နိုင်အောင် လူထုလှုပ်ရှားမှုတွေကို ဦးနု လုပ်ကိုင်နိုင်အောင် တာဝန်ယူဖို့ အတွက် ဦးနုမြန်မာပြည်မှာနေခဲ့ဘို့ သင့်ပါတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောပါတယ်။ ဗိုလ်ချုပ်နောက်တစ်ခု ပြောတာကတိုင်းပြုပြည်ပြု လွှတ်တော်ကိုရအောင် ဘိလပ်အစိုးရထံ တောင်းမယ် မရရင် ဆွေးနွေးပွဲဖျက်ပြီး ပြန်ခဲ့မယ်တဲ့။
          ဘိလပ်မလိုက်ဘဲ ဦးနုမြန်မာပြည်မှာ နေရစ်ခဲ့လို့ ဗိုလ်ချုပ်ဆုံးဖြတ်ချက် မှန်လိုက်သမှ လွန်စွာမှန်လိုက်တာ ၊ ဗိုလ်ချုပ်တို့ ဘိလပ်ထွက်သွားတဲ့ နေ့မှာပဲ ရှမ်းပြည်စော်ဘွားတွေက ဘိလပ်ကို အကြောင်းကြားစာတစ်ခု ပို့လိုက်ကြောင်း သတင်းကို ဦးနုသိရပါတယ်။ စော်ဘွားတို့ရေးတဲ့အကြောင်း က ဗိုလ်ချုပ်ဟာ သူတို့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တော် မဟုတ်ကြောင်း ဘိလပ်အစိုးရသိရန် အကြောင်းကြားစာ ဖြစ်ပါသတဲ့။
          ဦးနုရှမ်းပြည်ကို ချက်ချင်းသွားရ
          ရှမ်းပြည်ကို ဦးနုချက်ချင်းလိုက်သွားပြီး ပြည်သူတွေနဲ့ရော ၊ ရင်းနှီးတဲ့ စော်ဘွားတွေနဲ့ပါ အစည်းအဝေး ချက်ချင်းလုပ်ပြီး ဗိုလ်ချုပ်တို့ဟာ ပြည်မ ပြည်ငယ် ပြည်ထောင်စု တိုင်းရင်းသား ပြည်သူတို့ ရဲ့ ကိုယ်စားလှယ်ဖြစ်ကြောင်း ဘုရင်ခံမှတဆင့် ဘိလပ်ကိုစာပို့ကြရပါသေးသတဲ့။
          မြန်မာပြည်တစ်ပြည်လုံး ဗိုလ်ချုပ်ရဲ့ ဘိလပ်ခရီးသတင်း နားစွင့်နားထောင်နေကြပါတယ်။ 
          ဗိုလ်ချုပ် ကုတ်အင်္ကျီရာဇဝင်
          ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိုလပ်အသွား အိန္ဒိယနိုင်ငံကို ခေတ္တဝင်၍ နားနေစဉ် ``အိန္ဒိယ နိုင်ငံက ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ မဟတ္တမဂန္ဒီအပြင် ဂျာဝါဟာရယ် နေရူးနဲ့ပါ`` တွေ့ဆုံဆွေးနွေးကြတယ်။ နေရူးက ဗိုလ်ချုပ်အောင်ဆန်း သိက္ခာရှိရှိ ဝတ်စားဆင်ယင်မှု ပြည့်စုံစေရန် အနွေးထည်ကုတ်အင်္ကျီ ထူထူထဲထဲ ဘိလပ်သားတို့ အထင်ကြီးစေရအောင် လက်ဆောင်ပေး ဝတ်ဆင်စေလိုက်ပါ၍ ဘိလပ်မှာ ဗိုလ်ချုပ် ဂိုက်ကောင်းကောင်း နဲ့ မြင်ရပါသတဲ့။ ကုတ်အင်္ကျီအကြောင်း ကျွန်တော်ထည့်ရေးလိုက်ရကြောင်းပါခင်ဗျ။
          လိမ္မော်သီးသံကြိုးစာ ဘိလပ်မှလာ
          တစ်နေ့မှာ ဦးနုထံ ဘိလပ်မှ သံကြိုးစာ တစ်စောင်ဝင်လာပါတယ်။ သံကြိုးစာက အလွန်တိုတိုလေး ``လိမ္မော်သီး``တဲ့ခင်ဗျ။
          ``လိမ္မော်သီး-- လိမ္မော်သီး``ဟု ဦးနု ဝမ်းပမ်းတသာ  ပျော်ပျော်ရွှင်ရွှင် ``လိမ္မော်သီး``ဟု အော်ပြော နေပါ၍ ဖ--ဆ-ပ-လ အဖွဲ့ချုပ်သား တွေ အံ့သြနေစဉ် ဦးနုက ဘိလပ်မှာ တိုင်းပြုပြည်ပြုလွှတ်တော် အတည်ပြုလိုက်ပြီ``ဟု အားလုံးကို ကြေညာလိုက်ပါတယ်။
          လိမ္မော်သီးအဓိပ္ပာယ်
          အဓိပ္ပာယ် အပြည့်အစုံကတော့ ဗိုလ်ချုပ်အောင်ဆန်းရယ် ၊ ဦးနုရယ် ၊ ဦးကျော်ငြိမ်းတို့ သုံးယောက်သား လျှို့ဝှက် တိုးတိုးတိတ်တိတ် စီမံထားတာက ``တိုင်းပြုပြည်ပြု လွှတ်တော် ``ရလျှင် ``လိမ္မော်သီး``  မရရင် ``သံပုရာသီး`` သံကြိုးရိုက်မည်ဟု ကြိုတင် စီမံ ဆုံးဖြတ်ထားကြကြောင်းပါခင်ဗျ။ ``သံပုရာသီး`` လို့သာဆိုပါက အာဏာဖီဆန်ရေး စလုပ်ကြရတော့မှာပေါ့။
          ဗိုလ်ချုပ်ကို အားထားတဲ့ဦးနု
          ဦးနုဟာ  သူ့သူငယ်ချင်း  ဗိုလ်ချုပ်အောင်ဆန်းရဲ့  အရှိန်အဝါကို လွန်စွာတန်ဘိုးထားကြောင်း ဗိုလ်ချုပ်ကို အားကိုးကြောင်း ဗိုလ်ချုပ်ကို ဦးထိပ်မှာထားပြီး တောင်းဆိုသမျှ ရမှာဖြစ်ကြောင်း ဦးနုယုံကြည်၍ုလုပ်ခဲ့ ကြိုးစားခဲ့သမျှ အောင်မြင်တာ တွေ့ရကြောင်း ပါခင်ဗျာ့။

                       ဒေါက်တာအောင်ခင်ဆင့်

ဗိုလ်ချုပ်အောင်ဆန်းတို့၏ အမေ ဒေါ်စု

ဗိုလ်ချုပ်အောင်ဆန်းတို့၏ အမေ ဒေါ်စု

စောသူရိန်ထွန်း
          အာဇာနည်ခေါင်းဆောင်ကြီးများမှ အာဇာနည် ညီအကို နှစ်ဦးကို မွေးထုတ်ပေးခဲ့သူမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏အကို ဦးဘဝင်းတို့ကို မွေးထုတ်ပေးခဲ့သူမှာ အာဇာနည်မိခင်ကြီး ဒေါ်စုပင်ဖြစ်လေသည်။
          အာဇာနည်ခေါင်းဆောင် ညီအကိုနှစ်ဦးကို မွေးထုတ်ခဲ့သည့် ဒေါ်စုဘဝမှာ စိတ်ဝင်စားစရာ လောကဓံများ ကို ကြံ့ကြံ့ခံနိုင်သူအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိခင်ကြီး ဒေါ်စုကို  ( ၂၂-၇- ၁၈၇၇ ) ခုနှစ်တွင် မကွေးခရိုင် ၊ နတ်မောက်မြို့ရှိ မင်းဝိုင်းနေအိမ် အဘ ဦးမြအေး ၊အမိ ဒေါ်သူဇာတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇- ဦးရှိပြီး သမီးအကြီးဆုံးဖြစ်သည်။ တနင်္ဂနွေသမီးဖြစ်ပေမယ့် မိဘများက နေ့သင့်နံသင့်မဟုတ်ဘဲ မစု ဟုအမည်မှည့် ခေါ်ထားခဲ့ကြသည်။ ဒေါ်စု၏ ဦးလေးတော်သူ ပင်းမြို့ ၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့တို့၏ သုံးမြို့ဝန် ဦးမောင်က အစုဟု ခေါ်ပေသည်။ ဒေါ်စု၏ အောက်တွင် မောင်များဖြစ်သည့် ဦးဖိုးသင်း၊ ဦးငွေနိုင်၊ ဦးငွေဆိုင်၊ ညီမ ဒေါ်ယု ၊ ဒေါ်ပု ၊ ဒေါ်ခင်မေတို့ ရှိပေသည်။
          ဒေါ်စုမှာ မအေတူသမီးဖြစ်၍ မျက်နှာသေးသွယ်ကာ အသားညို၍ အရပ်မှာ မနိမ့်မမြင့်ဖြစ်သည်။ ကိုယ်ခန္ဒာအနေအထားမှာ မပိန်လွန်း မဝလွန်းပဲ ကြည့်၍ကောင်းသည်။ ဒေါ်စုမှာစကားနည်းသူ တစ်ယောက်ဖြစ်ပြီး မျက်နှာမှာ ကျက်သရေရှိကာ ခန့်ညားလှသည်။ ဒေါ်စုသည် အကြီးဆုံးသမီးဖြစ်သည့် အပြင် သက္ခာသမာဓိနှင့်ပြည့်စုံကာ မွေးချင်းအားလုံးက အမကြီးဟု ခေါ်ကြသဖြင့် အခြားသူများကလည်း အမကြီးဟု လိုက်ခေါ်ခဲ့ကြသည်။ 
          ဒေါ်စုသည် ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးဖြစ်ကာ မိကောင်းဖခင်သားသမီး ဖြစ်သည့်အတွက် မိဘများ၏ စကားကို ကောင်းစွာနာယူတတ်သည်။ သို့အတွက်ကြောင့်ပင် ၁၁-နှစ် အရွယ်ကပင် မြန်မာအမျိုးသမီးတို့ တတ်အပ်သည့် ရက်ကန်းအတတ် ကို သူမတူအောင် တတ်မြောက်ခဲ့သည်။ ဒေါ်စုသည် ရက်ကန်းအတတ်သာမက စက်ချုပ် အတတ်ကိုပါ သင်ကြားခဲ့သေးသည်။ ဒေါ်စုအတွက် ကံဆိုးသည့်အချက်မှာ သူတို့ခောတ်က အမျိုးသမီးများသည် စာသင်ကြားမှုအလေ့အထ နည်းပါးသောကြောင့် စာေ၇းစာဖတ်ကိုပင် မတတ်မြောက်ခဲ့ရပေ။ စာပေ မသင်ကြားရ၍ စာမတတ်သော်လည်း ဒေါ်စု၏ မှတ်ဥာဏ်မှာ လူတကာ လက်ဖျားခါရခြင်း ခံရလောက်အောင် ကောင်းလှသည်။
          ဒေါ်စု၏ မိဘများသည် ရှေးလူကြီးများပီပီ သမီးကညာ အခါမလင့်စေနှင့် ဆိုသည့်အတိုင်း ဒေါ်စု အသက် (၁၉) နှစ်တွင် နတ်မောက်မြို့အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုနှင့် ဒေါ်ဆွဲလေးတို့၏ တစ်ဦးတည်းသောသား ဦးဖာနှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ဒေါ်စုမှာ မိဘနှစ်ပါး သဘောတူ၍သာ အကြောင်းပါရသော်လည်း လက်မထပ်မီအချိန်က ဦးဖာကို တစ်ကြိမ်မျှ မတွေ့မြင်ဘူးခဲ့ချေ။ ထိမ်းမြားလပ်ထပ်ပြီး၍ အကြောင်းပါပြီးသောအခါမှသာ ဦးဖာမှာ ကျောက်ပေါက်များ ပါသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ ``မောင်ဖာ မှာ ကျောက်ပေါက်ပါမှန်း  အိမ်ထောင်ကျမှ သိရတယ်ကွယ်`` ဟု ရယ်ရယ်မောမောဖြင့် တစ်ခါတစ်ရံ ရယ်စရာမောစရာအဖြစ်ပြောတတ်သည်။
          ဒေါ်စုသည် ဦးဖာနှင့် အကြောင်းဆက်၍ ပေါင်းဖက်ပြီးနောက် ယောက္ခမအိမ်တွင် လိုက်ပါနေစဉ် အတွင်း ၁၈၉၄ ခုနှစ်တွင် အကြီးဆုံးသမီး မခင်ညွန့်ကို ဖွားမြင်ခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ဒုတိယ သမီးဖြစ်သူ မဝက်ကို ဖွားမြင်ခဲ့သည်။ ၁၁-၆-၁၉၀၁ တွင် မောင်ဘဝင်း(အာဇာနည်ခေါင်းဆောင် ဦးဘဝင်း) ကို ဖွားမြင်ခဲ့သည်။ မောင်ဘဝင်းနောက် စတုတ္ထကလေး မရွှေမှန်ကို ဖွားမြင်ခဲ့သော်လည်း ၁၃ နှစ်သမီး အရွယ်တွင် သေဆုံးသွားခဲ့သည်။ ထိုအချိန်က ဒေါ်စုသည် ယောက္ခမ များအိမ်တွင်လည်းမနေ မိဘများနှင့်လည်း မနေတော့ဘဲ ဒေါ်စုတို့၏ မင်းဝိုင်းကြီးအတွင်းမှာပင် အိမ်တစ်ဆောင် သီးသန့်ဆောက်ကာ နေထိုင်ခဲ့လေသည်။ ၁၉၀၅  ခုနှစ်တွင် ပဉ္စမမြောက်ကလေး မောင်နေအောင်ကို ဖွားမြင်လေသည်။ ထိုစဉ်က ဒေါ်စု၏ တိုက်တွန်းချက်အရ ဦးဖာသည် လယ်သမားဘဝကို စွန့်၍ ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်းတတ်ရောက် ပြီးနောက် တတိယ အမိန့်တော်ရ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့လေသည်။ ထိုအချိန်မှစ၍ ဒေါ်စုသည် လယ်သမားမယား ဘဝမှ အမိန့်တော်ရ ရှေ့နေကတော် ဒေါ်စုဘဝသို့ မမျှော်လင့်ဘဲေ၇ာက်ရှိခဲ့ရလေတော့သည်။
          ဦးဖာ ရှေ့နေဖြစ်ပြီး မကြာမီမှာပင် ဆဋ္ဌမကလေး ဦးမောင်ညိုမောင် နှင့် ငယ်စဉ်ကပင် ကွယ်လွန်သွား ခဲ့သော သတ္တမကလေး မောင်ထွန်းလင်းတို့ကို တစ်နှစ်ခြားစီ ဖွားမြင်ခဲ့လေသည်။ ၂၀-၈-၁၉၁၁ တွင် အဋ္ဌမကလေး မောင်အောင်သန်းကို မွေးဖွား၍ ၁၃-၂-၁၉၁၅ တွင် နဝမကလေး မောင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) ကို ဖွားမြင်ခဲ့သည်။ ထို့ကြောင့် ဒေါ်စုသည် သားသမီး  ၉ယောက် ဖွားမြင်ခဲ့သည့် မိခင်တစ်ဦးဖြစ်သည်။ ဒေါ်စုသည် အိမ်ထောင်ကျသည်မှစ၍ မောင်နေအောင် မွေးဖွားပြီးအချိန်အထိ ပင်ပန်းဆင်းရဲကြီးစွာဖြင့် လုပ်ကိုင်ရှာဖွေကာ အိမ်ထောင့်တာဝန်ကို ရုန်းကန်ထိမ်းသိမ်း စောင့်ရှောက်ခဲ့ရသည်။ ခင်ပွန်းသည် ဦးဖာသည် ငယ်စဉ်က မြင်းစီးအလွန်ဝါသနာပါ၍ ထိုစဉ်က နတ်မောက်မြို့တွင် အလွန်ခောတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် စီးနေခြင်းဖြင့်သာအချိန် ဖြုံးခဲ့သည်။ ဒေါ်စုတစ်ယောက်တည်းသာ အိမ်ထောင့်တာဝန်ထမ်းကာ သားသမီးများကို ရင်အုပ်မကွာ ကျွေးမွေးပြုစု ခဲ့လေသည်။
          ဒေါ်စုသည် ငယ်စဉ်ကမှ စ၍ ကွယ်လွန်ချိန်အထိ ရှေးဘုန်းကံ ပါရမီနှင့် ပြည့်စုံခဲ့သည့် အမျိုးသမီး ဖြစ်ခဲ့သည်။ သမီးအကြီုးဆုံး ဒေါ်ခင်ညွန့်မှာ ဒေါ်စုနှင့် အလွန်တူသည်။ မခင်ညွန့်သည် အိမ်ထောင်သားမွေး အလုပ်ကို စပ်ဆုပ်သည်။ သို့အတွက်ကြောင့်ပင် အသက် ၄၆ နှစ်အရွယ်အထိ အိမ်ထောင်မပြုဘဲ အပျိုကြီး ဘဝနှင့် မိခင်ဒေါ်စုနှင့်အတူ နေထိုင်ခဲ့သည်။ ဒေါ်စုကေ၇ှ့ရေးကို မျှော်တွေးကာ သမီးကြီး မခင်ညွန့်အား မြေစာရင်း အင်စပက်တော် ဦးသာရင်နှင့် လက်ထပ်ပေးခဲ့သည်။ ဒုတိယသမီး မဝက်ကတော့ မိခင်ကြီးနှင့် ရာသက်ပန်မခွဲလိုသဖြင့် မိခင်ကြီးက တိုက်တွန်းသော်လည်း ကွယ်လွန်ချိန်အထိ အပျိုကြီးဘဝဖြင့် နေထိုင် သွားခဲ့လေသည်။
          သားကြီးမောင်ဘဝင်းကတော့ ဒေါ်စုအား အလွန်ကြည်ညိုသည်။ ရိုးသားဖြောင့်မတ်သူဖြစ်သည်။ နတ်မောက်မြို့တွင် မြန်မာ ၉တန်း အောင်ပြီးနောက် ရေနံချောင်းမြို့က ဘီအိုစီ ကုမ္ပဏီတွင် စာရေးအလုပ်ကို လုပ်ကိုင်လေသည်။ ၎င်း ရသောလစာကို စု၍ မိခင်ထောက်ပံ့သောငွေနှင့် ပူးပေါင်းကာ တက္ကသိုလ်ဆက်တတ် ခဲ့သည်။ ဤသသို့ဖြင့် ၁၉၂၉ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံဘွဲ့ Bsc အောင်မြင်ခဲ့သည်။ ထို့နောက် ရေနံချောင်းမြိ့တွင် ကျောင်းဆရာကြီးဖြစ်ခဲ့သည်။  ဒေါ်စုသည် သားကြီးမောင်ဘဝင်းအား ၎င်း သဘောကျ သည့် တောင်တွင်းကြီးဇာတိ ၊ဦးအံ့ကြီးနှင့် ဒေါ်ရွှေမေတို့၏ သမီး မခင်စော နှင့် ၁၉၃၅ ခုနှစ်တွင် ကိုယ်တိုင် စေ့စပ်၍ တောင်းရမ်းလက်ထပ်ပေးခဲ့သည်။ ဒေါ်စုသည် သား ၊ ချွေးမ မခင်စော ၊မြေးများဖြစ်သော မတင်လှဝင်း မောင်စောဝင်း၊ မောင်အေးဝင်း ၊ မခင်မြဝင်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့နှင့်အတူ ဂျပန်တစ်ခောတ်လုံး အတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှုရ ခဲ့သည်။
          ဒေါ်စု၏ သားအလတ်ဖြစ်သူ မောင်နေအောင်မှာ ၁၉၂၇ ခုနှစ်တွင် တတိယတန်းရှေ့နေစာမေးပွဲ အောင်မြင်ပြီးနောက် နတ်မောက်မြို့အနီး ဘုန်းတော်ပြည့်ရွာသူကြီး ဦးဘိုးလှိုင်၏ သမီး မခင်လေးနှင့် ၁၉၃၀ ပြည့်တွင် အမေစုကိုယ်တိုင် တောင်းရမ်းလက်ထပ်ပေးခဲ့သည်။ မောင်နေအောင်သည် ဂျပန်ခောတ်တွင် တရားမမြို့အုပ် ခန့်ထားခြင်းခံရသည်။ ဒေါ်စုသည် သားအားလုံးတွင် မောင်နေအောင်နှင့် နေရသည် များသဖြင့် မောင်နေအောင်ကို ပိုပြီး သံယောဇဉ်ပိုကြီးခဲ့သည်။
          ဒေါ်စုသည် နို့ညှာသားဖြစ်သူ မောင်အောင်သန်း (၁၉၁၁-၁၉၉၁) ကိုလည်း ရန်ကုန်တက္ကသိုလ်တွင် ၁၉၃၄ ခုနှစ်၌ ဝိဇ္ဇာ BA ဘွဲ့ ရရှိပြီးနောက် နယ်ပိုင်ဝန်ထောက်ရာထူး ရရှိသည်အထိ ပညာသင်ကြားပေးခဲ့သည်။ ဦးအောင်သန်းမှာ တက္ကသိုလ်တတ်နေစဉ် ယစ်မျိုးဝန်ထောက် ဦးဘ ဒေါ်စံတို့၏ တတိယသမီး မခင်နုနှင့် အကြောင်းဆက်ခဲ့သည်။ မခင်နု၏ အမ မခင်တုတ်မှာ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က လက်ထပ်ခဲ့သဖြင့် မောင်အောင်သန်းနှင့် သခင်ထွန်းအုပ်တို့ မယားညီအကိုတော်ကြလေသည်။ မခင်နုသည် ဒေါ်စုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီးဇာတိ ဦးဘတင်၏ သမီးဖြစ်သည့်အတိုင်း ဒေါ်စုက သဘောကျ ကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင်သွားရောက်တောင်းရမ်း၍  ၇-၁၁-၁၉၃၆ ရက်တွင် ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ပေးခဲ့လေသည်။ ဦးအောင်သန်းသည် မခင်နုနှင့် သားသမီး ငါးဦး စောလှအောင်သန်း မရီရီသန်း မတီတီအောင်သန်း ၊ မောင်ချိုအောင်သန်း ၊မငယ်မမသန်း တို့ထွန်းကားခဲ့လေသည်။
          ဒေါ်စုသည် သားအထွေးဆုံးနှင့် အလိုလိုက်ခံရဆုံးမောင်အောင်ဆန်း ကိုကား နတ်မောက်မြို့ ဘုန်းတော်ကြီး ဦးသောဘိတ၏ အထက်တန်းကျောင်းတွင် ၇ တန်းအထိ ပညာသင်ကြား သင်ကြားပေးပြီးနောက် ၁၉၂၈ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းတွင် ၁၀ တန်းအောင်မြင်သည်အထိ ကျောင်းထားခဲ့သလို ရန်ကုန်တက္က္ကသိုလ်သို့ပို့၍ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ BA ဖြင့် အောင်မြင်သည်အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မခင်ကြည်တို့မှာ ဂျပန်ခောတ်တွင် ၆-၉-၁၉၄၂ ခုနှစ် ၌ နှစ်ဦးသဘောတူ ချစ်ကြိုက်၍ ဘီအိုင်အေ ပြည်သူ့ဆေးရုံကြီး ယခု (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) တွင် လက်ထပ်ခဲ့ကြရာ ဒေါ်စုမှာ အခြား သားသမီးများကဲ့သို့ ကိုယ်တိုင် ကိုယ်ကျ တောင်းရမ်း လက်ထပ်မပေးခဲ့ရသော်လည်း ဗိုလ်ချုပ်ရာထူးလက်ခံပြီးနောက် ``မယားပြ`` အဖြစ် ဗိုလ်ချုပ် နတ်မောက်မြို့သို့ သွားရောက်လည်ပတ်စဉ် မခင်ကြည်အား ခေါ်ဆောင်သွားရာ ချွေးမကလေး မခင်ကြည်၏ ရိုသေကိုင်းရှိုင်းမှု လိမ္မာရေးခြားရှိမှုတို့ကို သိရသောအခါ ဒေါ်စုမှာ သားအောင်ဆန်းနှင့် ချွေးမလေး မခင်ကြည်တို့အပေါ် ပျော်တပြုံးပြုံးဖြင့် ကျေနပ်နေလေသည်။
          ဒေါ်စုသည် အသက် ၆၀ ပြည့်သောနှစ်တွင် ငယ်စဉ်ကပင်ပေါင်းသင်းခဲ့ရသော ခင်ပွန်းသည် ဦးဖာ (၆၇) နှစ်မှာ လူကြီးရောဂါဖြင့်  ၁၈-၅ ၁၉၃၁ တွင်ကွယ်လွန်အနိစ္စရောက်ခဲ့ရကာ ဒေါ်စုမှာ မုဆိုးမဘဝဖြင့် သားသမီးများကို ထိမ်းသိမ်းစောင့်ရှောက်ခဲ့ရလေသည်။ ဤသည်မှာ ဒေါ်စု၏ ပထမဆုံးအကြိမ်လောကဓံကို ခံစားခဲ့ရခြင်းဖြစ်သည်။ ဒေါ်စု၏ အသက် ၆၄ နှစ်အချိန်တွင် ဒုတိယအကြိမ် လောကဓံကို ခံစားရပြန်သည်မှာ အချစ်ဆုံး သမီးကြီးဖြစ်သူ မခင်ညွန့်မှာ ၁၉၄၆ တွင် မီးယပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရသဖြင့် သားသမီးအပူကို ပထမဆုံး စတင်ခံစားခဲ့ရသည်။ ထို့နောက် ဒေါ်စုသည် ၁၉-၇-၁၉၄၇ ခုနှစ်တွင် သားနှစ်ဦး ဝန်ကြီး ဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့နှစ်ဦးလုံး မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပြန်ရာ ပရိဒေဝ မီးတို့ ထပ်မံလောင်ခြင်းခံခဲ့ရပြန်လေသည်။ 
          ထိုမှတဖန် ဒေါ်စုသည် သားကိုနေအောင်၏ သမီး မြင့်မြင့်လေးမှာ ငယ်စဉ်ကပင် ဒေါ်စုနှင့် လာရောက် နေထိုင်ခဲ့သဖြင့် သားအချစ် မြေးအနှစ် ဆိုသည့်အတိုင်း မြေးကလေးကို အလွန်အချစ်ပိုခဲ့သည်။ သို့သော် မြင်ြ့မင့်လေးမှာ နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်းအမှတ် နိုင်ငံတော် တန်းမြင့်ကျောင်း၌ ဆဋ္ဌမတန်းပညာ သင်ကြားနေစဉ် အဖျားရောဂါဖြင့် ဒေါ်စုလက်ပေါ်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်သွားလေရာ ဒေါ်စုမှာ လောကဓံ၏ အပူမီးကို မြေးအပူနှင့် ကြုံတွေ့ခဲ့ရပြန်လေသည်။ ဒေါ်စုသည် လောကဓံကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း တုံလှုပ်ခြောက်ခြားမှုမရှိဘဲ ရဲဝံ့စွာရင်ဆိုင်ကျော်လွှားရင်း နတ်မောက်မြို့ကို ရဲဘော်ဖြူများ သိမ်းပိုက်ထားချိန် အသက် ၇၅ နှစ်အရွယ် ၃-၁၂-၁၉၅၁ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ လေသည်။ 
          ဒေါ်စု၏ ဈာပနကို ၅ ရက်တိတိထားခဲ့ပြီး ဈာပနကိစ္စအဝဝကို ဒေါ်စု၏ မောင်ဖြစ်သူ ဘုန်းကြီး ဦးသောဘိတက ကြီးကြပ်စီစဉ်ပေးခဲ့သည်။ နတ်မောက်မြို့ရှိ ဆွေမျိုးများက ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ဖြစ်သည့်အတွက် မယ်တော်ပျံကဲ့သို့ ဂုဏ်ဒြပ်ဖြင့်ညီစွာ ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်ခဲ့သော်လည်း ခောတ်ကာလ အခြေအနေအရ အကျဉ်းချုံးကာ ကိစ္စပြီးအောင်ပြုလုပ်ရန် ဘုန်းတော်ကြီး ဦးသောဘိတက ဆုံးမသဖြင့် အကျဉ်ချုံး၍ ကျင်းပခဲ့ရလေသည်။ ဒေါ်စု၏ သက်စေ့အဖြစ် သံဃာတော် ၇၅ ပါးပင့်ဆောင်`၍ ဝတ္ထုငွေ ငါးကျပ်စီ လှုဒါန်းပူဇော်ခဲ့ကြသည်။
စောသူရိန်ထွန်း
မှီငြမ်း တက္ကသိုလ်ဆုမြိုင်(ဦးအောင်သန်း-အောင်ဆန်း မိသားစု)ဗိုလ်ချုပ်ဆောင်းပါး