Tuesday, July 31, 2012

စာပေ စီစစ်ရေးမှ ဂျာနယ် နှစ်စောင်အား ပြင်းထန်စွာ အရေးယူ

KO_Jounal_out_009 ပြန်ကြားရေး ဝန်ကြီးဌာန၊ စာပေ စီစစ်ရေးနှင့် မှတ်ပုံတင် ဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များအား ချိုးဖောက်သည် ဟူသော စွပ်စွဲ ချက်ဖြင့် The Voice Weekly ဂျာနယ်နှင့် Envoy Journal ဂျာနယ် နှစ်စောင်အား ရက်အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သည် ဟု မြန်မာ့ ဂျာနယ်လစ် ကွန်ယက်မှ ဖွံဖြိုးရေး တာဝန်ခံက ပြောပါသည်။ “ကျွှန်တော် Envoy Journal တိုက်ကို ဆက်သွယ် မေးမြန်းတော့ သူတို့က ဝန်ကြီး ငါးပါး ရာထူး အပြောင်းအရွှေ့ အကြောင်းကို ဖော်ပြမိလို့ ပါတဲ့၊ The Voice လည်း အဲလိုပဲဗျ။ အရင်တုန်းက ထုတ်ဝေခွင့်ကို ယာယီပဲ ရပ်ဆိုင်းတာ၊ အခုတော့ ရက်အကန့်အသတ် မရှိ ရပ်ဆိုင်း တယ် လို့ ပြောတယ်ဗျ” ဟု ဂျာနယ်လစ် ကွန်ယက် တာဝန်ခံ ကိုအောင်သူရက ပြောပါသည်။
၎င်းဂျာနယ် နှစ်စောင်ကို  သြဂုတ် လဆန်းမှစ၍ စတင်ပိတ်ပင်မည်ဖြစ်သည်။ ထုတ်ဝေခွင့် ရုပ်သိမ်းကြောင်း ကိုလည်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ စာပေ စီစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ယနေ့ နံနက်တွင် သက်ဆိုင်ရာ ဂျာနယ်တိုက် များသို့ ခေါ်ယူ၍ အကြောင်းကြား ခဲ့ခြင်းဖြစ်ပါ သည်။
ယခု နောက်ဆုံးထုတ် The Voice Weekly ဂျာနယ်၌မူ ဝန်ကြီး ဌာန အပြောင်းအရွှေ့ သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို သရော်ကာ ရေး ဆွဲထားသည့် ကာတွန်းကို မျက်နှာဖုံး၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ဤကဲ့သို့ အဖြစ်မျိုး လွန်ခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့တွင်လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး စင်ကာပူတွင် ဆေးကုသမှု ခံယူနေသည် ဟူသော သတင်းအား စာပေစိစစ်ရေးမှ ထုတ်ပြန်ခွင့် မပြုပါဟု ပိတ်ပင်ထားသည့် ကြားမှ ဖော်ပြခဲ့သည့် ရန်ကုန်တိုင်းမ်နှင့် ဗီးနပ်စ် ပြည်တွင်း ဂျာနယ် နှစ်စောင်ကိုလည်း စာပေစီစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ခေါ်ယူ သတိပေး ခဲ့ဖူးပါသည်။
ထိုဂျာနယ်များကိုလည်း  စာပေ စီစစ်ရေး ခွင့်ပြုချက် မရှိသည့် သတင်းများကို နောက်တကြိမ် ဖော်ပြခဲ့လျှင် ဂျာနယ်အား ထုတ်ဝေခွင့် အပြီး တိုင် ပိတ်ပစ်မည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက သတိပေးခဲ့ပါသည်။
Ko_Jpopuref_00983The Voice weelky ဂျာနယ် မျက်နှာဖုံးအား တွေ့ရစဉ်
စာပေ စီစစ်ရေး အဖွဲ့သည်၊ ဂျာနယ်များ အပေါ် ဤကဲ့သို့ပြုမူနေချိန်တွင်  ပြန်ကြားရေး ဝန်ကြီးဌာန၏  စာပေ စီစစ်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဦးတင့်ဆွေက စာပေ စီစစ်ရေးသည် လွတ်လပ်သည့် သတင်း မီဒီယာလောက၌ မလိုအပ်တော့ဟု ဆိုကာ ၂၀၁၂ ဇူလိုင်လတွင် ရုတ်သိမ်း ပေး တော့မည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြား ခဲ့ဖူးပါသည်။
ထို့အပြင် လွတ်လပ်သည့် Press Council ဖွဲ့စည်း နိုင်ရေး၌လည်း ပြည်တွင်း မီဒီယာများနှင့် ပြန်ကြားရေး ဝန်ကြီး ဌာနတို့ အကြား၌ ညှိုနှိုင်း၍ မရသေးသည်ကို ထောက်ရှုခြင်း အားဖြင့် အစိုးရ၌ ၁၉၆၂ ပုံနှိပ်အက်ဥပဒေကို ဆက်လက် ကျင့်သုံး နေဆဲဆိုသည်ကို ထင်ရှားစေခဲ့ပါသည်။
ဂျာနယ်များ ပိတ်ပင်ခြင်းနှင့် ပါတ်သက်သော ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပြန်ကြားရေး ဝန်ကြီးဌာန စာပေစီစစ်ရေးရုံးခန်း၌ ပြည်တွင်း သတင်း မီဒီယာများ ဂျာနယ်တိုက်များမှ အယ်ဒီတာများအား ခေါ်ဆို၍ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပလျက် ရှိကြောင်း သိရသည်။
စာပေစီစစ်ရေးသည် The Voice Weekly ဂျာနယ်၏ ထုတ်ဝေခွင့်  (၆) ကြိမ်မြောက် ပိတ်ပင်ခြင်းဖြစ်ပြီး၊ Envoy Journal ဂျာနယ်ကိုမူ ဒုတိ ယ အကြိမ်မြောက် ပိတ်ပင်ခြင်းဖြစ်ပါသည်။

Add comment


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ပြီးစီး

http://www.phophtaw.org/burmese/images/stories/BC_009.jpgဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာနှင့် ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာအတွက် လူရွေးချယ် ပြီးစီးကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ကြေငြာ ထားပါတယ်။

ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်
၁။ မောင်ကျောက်ခဲ (သုစိတ္တာရုံကျောင်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့)
၂။ မောင်ကျော်ကျော်မျိုး (KBZ ဘောလုံး အဆောင်၊ ရွှေအင်ကြင်းရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပြီး

ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာတွင်
၁။ မဇာခြည်လင်း (အမှတ်-၂၊ ကိုးဆူကျောင်းလမ်း၊ ပုသိမ်မြို့နယ်)
၂။ မသင်းမြတ်သန္တာလှိုင် (ရ.ယ.က ၀န်း၊ သမာဓိလမ်း (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) တို့ကို ရွေးချယ်ထားကြောင်း သိရပါတယ်။
Source: Popular

ဒေါက်တာအောင်ခင်ဆင့်(ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ )

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း

 

ဒေါက်တာအောင်ခင်ဆင့်
ကျွန်တော် ဘီ-အိုင်-အေ ၊ ဘီ-ဒီ-အေ  ပြည်သူ့ဆေးရုံကြီးအကြောင်းရေးသားနေစဦ ``ကြိုးချင်းထား  ကြိုးချင်းညိ``  အခန်းကဏ္ဍမှ  ဗိုလ်ချုပ်အောင်ဆန်းနှင့်  ဒေါ်ခင်ကြည် ၊  သခင်သန်းထွန်းနှင့်  ဒေါ်ခင်ကြီး ၊ တို့ညားကြလေသတည်း  ရေးအပြီးမှာ  သူတို့မယားညီအကို အကြောင်းနှင့်  နှီးနွယ်ပြီး ရေးချင်စရာတစ်ခု ကြုံကြိုက်လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့  ပြောကြ ၊ ဆိုကြ ၊ ညင်းခုံကြ ၊ သဘောထားကွဲလွဲကြပါတဲ့  နိုင်ငံရေးအကြောင်းဖြစ်ပါတယ် ၊ (ကွန်မြူနစ် သခင်သန်းထွန်းတို့က  မကျေနပ် လို့  ဖ-ဆ-ပ-လ  အဖွဲ့ထဲမှ   ထွက်မယ်ပြောခဲ့ရာ  ဖ-ဆ-ပ-လ အဖွဲ့က ထုတ်ပြစ်မယ်ဟု ပြန်ပြောခဲ့တဲ့ အကြောင်း တို့ဖြစ်ပါတယ်)
          နိုင်ငံရေး မလုပ်တော့ဘဲ စာရေးမယ်ဆိုတဲ့ ဦးနု
          အဲဒီအချိန်ကာလမှာ  ဦးနုက သူနိုင်ငံရေးက ထွက်မယ်။ နိုင်ငံရေးကထွက်ပြီး သူရေးချင်တဲ့ နိုင်ငံရေး စာအုပ်တွေကို ရေးဘို့ကြိုးစားမယ် ၊ ဘာသာရေးစာအုပ်တွေလည်း ရေးသားမယ် ၊ နိုင်ငံရေးမလုပ်တော့ဘူး လို့ ဦးနုက ပြောလိုက်တဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။
          ခောတ်ကာလ အချိန်ကာလကတော့ ဒုတိယကမ္ဘာစစ်ကြီးပြီ၍ မြန်မာနိုင်ငံကို ဘုရင်ခံ ဆာဒေါ်မန်စမစ် ၁၉၄၅ ခုနှစ်မှ စ၍ အုပ်စိုးစဉ်ကာလမှာ ဘုရင်ခံက ယာယီအစိုးရဖွဲ့ရန် နိုင်ငံရေးအဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင် တွေနဲ့ တွေ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းက အစိုးရအဖွဲ့  ၁၁ နေရာအနက် ဖ-ဆ-ပ-လ ကိုယ်စားလှယ် ၇-နေရာပေးဘို့တောင်းပါတယ်။ ဘုရင်ခံက  ၂ - နေရာပဲပေးပါတယ်။ ဒါကို ဖ-ဆ-ပ-လ အဖွဲ့ချုပ်က ညင်းပယ် လိုက်ပါတယ်။ ဒါကြောင့် ဘုရင်ခံအစိုးရ အဖွဲ့နဲ့  ဖ-ဆ-ပ-လ အဖွဲ့ အကွဲကြီးကွဲသွားကြတယ်။ အခြားအကြောင်းအရာတွေ ကြောင့်လည်း ပြည်သူလူထုကပါ ဘိလပ်အစိုးရအပေါ်  မကျေမနပ်ဖြစ်လာခဲ့တယ်။ 
          စာရေးဆရာဦးနု ဘုရင်ခံထံစာရေး
          စာပဲရေးနေတော့မယ်ဆိုတဲ့  စာရေးဆရာ ဦးနုဟာ နိုင်ငံရေးမလုပ်တော့ဘူး ဆိုပါသော်လည်း အခုအချိန်အခါ မြန်မာပြည်မှာ မညိမ်မသက်ဖြစ်လာတဲ့အချိန်အခါ  ဦးနု မနေသာတော့ပါဘဲ သူရေးနေတဲ့ စာအုပ်တွေ ဘေးချထားလိုက်ပြီး သူစာရေးရန် မော်လမြိုင်ကျွန်း ရောက်နေရာက နေပြီး ဘုရင်ခံ ဆာဒေါ်မန် စမစ်ကို စာအရှည်ကြီး ရေးလိုက်ပါတယ်။
          ``ကျားသေ``နိုင်ငံရေးသမားဟောင်းတွေ
          စာရဲ့ အကျဉ်းချုပ်ကတော့ ဘုရင်ခံအသိအမှတ်ပြုပြီး  နိုင်ငံတော်အတွက် တာဝန်ပေးမယ့် နိုင်ငံရေးသမားဟောင်း တွေဟာ နိုင်ငံအတွက် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးကျားသေ``ကြီးတွေ ဖြစ်နေပါပြီ။  ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ပြည်သူလူထုတစ်ရပ်လုံး  ရဲ့ တခဲနက် ထောက်ခံမှုရနေတဲ့ အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်သူ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေပါရက်နဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့တောင်းဆိုချက် ကို လက်မခံဘဲ  နိုင်ငံရေး ကျားသေအိုကြီးတွေနဲ့ အစိုးရဖွဲ့ထားတာဟာ မှားတယ် ။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ တောင်းဆိုချက်ကို အမြန်ဆုံးလက်ခံပြီး ဖ-ဆ-ပ-လ အဖွဲ့ကြီးရဲ့ ကိုယ်စားလှယ်အဖွဲ့ အစိုးရဖွဲ့ပါ -- အစရှိသဖြင့် ဦးနုက  ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို  အကျယ်တဝင့်တိုက်တွန်းထားပါတယ်။
          ဦးနုကို ဘုရင်ခံဘိတ်ခေါ်
          တနင်္ဂနွေ တစ်ပါတ် လောက်ကြာတော့  မော်လမြိုင်ကျွန်းမှာ  စာရေးနေတဲ့ ဦးနုကို ဘုရင်ခံက လာရောက် တွေ့ဆုံဖို့  ဖိတ်ခေါ်ပါတယ်။ ဘုရင်ခံနဲ့တွေ့တော့ ဦးနုက  ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူ လူထုရဲ့ထောက်ခံမှုကို ကောင်းစွာရနေတဲ့အကြောင်း  ၊ ဗိုလ်ချုပ်နဲ့ ဘုရင်ခံကိုတွေ့ဆုံကြဘို့  တိုက်တွန်းလိုက် ပါတယ်။
          ဗိုလ်ချုပ်နဲ့ ဘုရင်ခံတွေ့ဆုံရန် သဘောတူလိုက်လို့  ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်နဲ့ ကိုယ်စားလှယ်တွေဟာ ဘုရင်ခံကို သွားတွေ့ကြတယ်။ တွေ့တဲ့အခါ  ဘုရင်ခံက အစိုးရအဖွဲ့ထဲကို ဗိုလ်ချုပ်အောင်ဆန်းဝင်ရန်  တိုက်တွန်းတယ်။ ဗိုလ်ချုပ်က သူတောင်းဆိုထားတဲ့ တောင်းဆိုချက်ကို  လက်ခံဘို့ ဘုရင်ခံကို ပြောပါတယ်။
          ဘုရင်ခံနေမကောင်း၍ ပြန်
          အဲဒီရက်အတွင်း  ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ နေမကောင်းလို့ ရာထူးက နှုတ်ထွက်ပြီး  ဘိလပ်ပြန်ရမှာမို့  ဗိုလ်ချုပ်ရဲ့တောင်းဆိုချက်ကို ဘိလပ်အစိုးရ လက်ထဲအရောက်  ပို့ပေးပါ့မယ်လို့ တာဝန်ယူ ဝန်ခံလိုက်ပါတယ်။ ဗိုလ်ချုပ် နဲ့ ဘုရင်ခံတို့ ပြေလည်သွားတယ်ဆိုတဲ့ သဘောပါပဲ။
          ဘုရင်ခံ စာရေးထားခဲ့
          သူ့ကိုယ်စား  ဘုရင်ခံ  တာဝန်ယူမည့်သူထံ  ဆာဒေါ်မန်စမစ်က စာတစ်စောင်ေ၇းထားခဲ့တာကတော့ ကျွန်ုပ်ဟာ  ဗိုလ်ချုပ်ကို ရိုးသားတည်ကြည်သူ အဖြစ် နဲ့လက်ခံတယ်။  သူ့ရဲ့ ဖ-ဆ-ပ-လ အဖွဲ့တစ်ဖွဲ့တည်းသာ လျှင် တစ်နိုင်ငံလုံးကို ကျယ်ကျယ်ပျံ့ပျံ့ စည်းရုံးနိုင်တဲ့  နိုင်ငံရေးအဖွဲ့ဖြစ်တယ်။ ဗိုလ်ချုပ်ဟာ ငြိမ်းချမ်းေ၇းနဲ့ ငြိမ်ဝပ်ပိပြားရေးကို ရရှိအောင် ကြိုးစားနေတယ်လို့ ကျွန်ုပ်ယူဆတယ်--- အစရှိသည့် အချက်တို့ကို  ဆာဒေါ်မန်စမစ်က ထည့်သွင်း ရေးသားခဲ့တာ တွေ့ရှိရပါတယ်။
          ဦးနု မပြန်ရန် တားကြ
          ဘုရင်ခံနဲ့တွေ့အပြီး  ဦးနု မော်လမြိုင်ကျွန်းကို မပြန်ရန်  အားလုံးက တောင်းပန်ကြသော်လည်း စာပြန်ရေးမယ် ၊ ပြန်တော့မယ် လို့ဆုံးဖြတ်ပြီး  ဦးနု မော်လမြိုင်ကျွန်းကို ပြန်သွားတယ်။ နိုင်ငံရေးတစ်အုပ် ရေးပြီးတဲ့အခါ ဦးနုကြားတာက ဘုရင်ခံနဲ့ တွေ့အပြီး မှာ  ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဖ-ဆ-ပ-လ အဖွဲ့ကို အကျေမချမ်းနိုင်ဖြစ်ပြီး  သဘောကွဲလွဲနေကြတယ်လို့  ဦးနု ကြားသိရပါတယ်။ ကြားရုံတင်မဟုတ်ဘူး။ ကွန်မြူနစ်တွေ မြှောက်ပေးလို့  တောင်သူလယ်သမားတွေ  မော်လမြိုင်ကျွန်းမှာ စီတန်းလှည့်လည်၍ ဆန္ဒပြကြတာ ဦးနုကိုယ်တိုင်တွေ့လိုက်တယ်။
          ကွန်မြူနစ်တွေ ဗိုလ်ချုပ်ကို ထိပါး
          ဦးနု တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ဗိုလ်ချုပ်လုပ်နေတာတွေ ကောင်းပါရက်နဲ့  ကွန်မြူနစ် မြှောက်ပေးလို့ တောင်သူလယ်သမားတွေ လုပ်ကြတာဘဲလို့  ဦးနုယူဆချက်နဲ့ ရန်ကုန်ကို ချက်ချင်းပြန်လာ ခဲ့တယ်။
          ဦးနု သခင်သန်းထွန်းကိုပြော
          ရန်ကုန် ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှာ သခင်သန်းထွန်းနဲ့ တွေ့တွေ့ချင်း ဦးနုပြောလိုက်တာကတော့ ``ကိုသန်းထွန်း  ခင်ဗျားတို့ သိဘို့ကောင်းတာက တစ်နိုင်ငံလုံးစည်းရုံးပေးနိုင်တာ  ကိုအောင်ဆန်း တစ်ယောက်ပဲ ရှိတယ်ဆိုတာ  သိဖို့ကောင်းတယ်--ခင်ဗျားတို့လဲ စုစည်းမပေးနိုင်ဘူး ၊ ကျုပ်လဲ စုစည်း မပေးနိုင် ဘူး။ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးက လွဲလို့ ဘယ်သူမှစုစည်းမပေးနိုင်ဘူး ။ပြည်သူတို့ကလည်း ဗိုလ်ချုပ်အောင်ဆန်းက လွဲလို့ ဘယ်သူ့ကိုမှ မထောက်ခံဘူး ၊ မယုံကြည်ကြဘူး။ ဒါကြောင့် ပြည်သူတို့ ဗိုလ်ချုပ်ကို လေးစားနေတဲ့ လေးစားမှုကို မပျောက်ပျက်စေချင်ဘူးဗျာ-- ``လို့ ဦးနုက သခင်သန်းထွန်းကို ပြောပါတယ်။
          ပြန်လိုက် သွားလိုက် ဦးနု
          ဦးနု ရန်ကုန်ကနေ  မော်လမြိုင်ကျွန်းကို ပြန်သွားပြန်ပါတယ်။  ဘယ်သူတားတား ဦးနုက မပြန်ဘဲ မနေဘူး။ စာလဲ ရေးဖြစ်နေပါတယ်။
          ဘုရင်ခံအသစ်ရောက်လာ
          တစ်ပတ်လောက်ကြာတော့ ဘုရင်ခံအသစ် မြန်မာပြည်ကို ရောက်လာပါတယ်။ ဆာဟူးဘတ်ရန့်စ် ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးအပြီး မှာ  ဗိုလ်ချုပ်အောင်ဆန်း တင်ပြတောင်းဆို ထားတဲ့ တောင်းဆိုချက်ကို ဘုရင်ခံက လက်ခံကြောင်း ပြောကြားလိုက်တာကြောင့်ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေဟာ ဘုရင်ခံအသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရအသစ် အဖွဲ့ထဲ ဝင်လိုက်ကြပါတယ်။
          အစိုးရသစ်ထဲ ဗိုလ်ချုပ်ဝင်
          အစိုးရသစ် အဖွဲ့ထဲ ဖ-ဆ-ပ-လ ကိုယ်စားလှယ်အဖွဲ့များ ဝင်လိုက်တာကို ဦးနုကြားလိုက်တော့  သိပ်ဝမ်းသာသွားပါသတဲ့ ။ ဒါပေမယ့် ဖ-ဆ-ပ-လ အဖွဲ့ကို ဆက်လက်ကိုင်တွယ်တာဝန် ယူနိုင်မယ့်သူ ဘယ်သူလဲ ဆိုတာကို  ဦးနု စဉ်းစားတွေးတောနေပါတဲ့။  ဆိုလိုတာက ဦးနု ဖ-ဆ-ပ-လ အဖွဲ့ကြီးအပေါ် သံယောဇဉ်ကြီးမားနေသေးကြောင်း ပြောကြတာပါ။
          ဦးနုပြန်လာရန် ဗိုလ်ချုပ်စာရေး
          ဗိုလ်ချုပ်အောင်ဆန်းက အစိုးရနဲ့  တာဝန်ယူနေရပြီဖြစ်တာကြောင့်  ဖ-ဆ-ပ-လ အဖွဲ့ကြီးကို  ဦးနုတာဝန်ယူရန်  စာရေးအကြောင်းကြားရပြန်ပါတဲ့။ အခြားနိုင်ငံရေးပုဂ္ဂိုလ်တွေကလည်း ဦးနု မြန်မြန်ပြန်လာပါ ပြန်လာပါနဲ့ ခေါ်သူကခေါ်။ စာရေးအကြောင်းကြားသူကကြားနဲ့  ဦးနုဘယ်လိုမှငြင်းမရတော့သည့်အခါ  ရန်ကုန် ဖ-ဆ-ပ-လ အဖွဲ့ချုပ် ကိုပြန်လာခဲ့ရပါတယ်။ စာရေးဆရာဘဝတော့ မပျက်စေရဘူးလို့  ဦးနုက ပြန်ပြောပါသေးသတဲ့။
          ဗိုလ်ချုပ်မိသားစု ဦးနုအိမ်သွား
          ဦးနုအိမ်ကို နောက်နေ့ ညနေမှာ  ဗိုလ်ချုပ်အောင်ဆန်း သူ့မိသားစု သားသမီးတို့နဲ့အတူ ဒေါ်ခင်ကြည် လည်းပါလာလျှက်  ဦးနုအိမ်ရောက်လာကြပါတယ်။
          ရွှေဒင်္ဂါးတွေ  ရွှေဒင်္ဂါးတွေ
          ခရီးမဆိုက် ဒေါ်ခင်ကြည်က ဦးနုလက်ထဲအရောက် စီးကရက်သံဗူးတစ်ဗူး ရိုရိုသေသေ ပေးလိုက်ရာ ဦးနုက ပြောပါတယ်။ ဘူးကလေး သေးသေးကလေးပါလား  ဘာတွေလဲဟု မေးပါသေးတယ်။ ဒေါ်ခင်ကြည် ဖြေကြားလိုက်သည်မှာ ဗိုလ်ချုပ်ကို လေးစားကြတဲ့ပြည်သူတွေက နိုင်ငံတော်အတွက် ဗိုလ်ချုပ်သုံးဘို့ စွဲဘို့ လာပေးထားတဲ့ ရွှေဒင်္ဂါးတွေပါ ကိုကြီးနုဟု ဖြေကြားလိုက်ပါသည်။ ကိုကြီးနု ဥက္ကဋ္ဌဖြစ်ပြီ ဆိုတော့ ဖ-ဆ-ပ-လ အဖွဲ့အတွက် ကိုကြီးနု သုံးဖို့အတွက်ပါဘဲ ဟု ဒေါ်ခင်ကြည်က ပြောလိုက်ပါသည်။
          သုံး-လေး  နှစ်ကြာတဲ့အခါ  ဦးနု ဘီရိုရှင်းတဲ့ တစ်နေ့မှာ  အဲဒီရွှေဒင်္ဂါးဘူးကို ပြန်တွေ့တော့  ဒေါ်ခင်ကြည် ကိုချက်ချင်းခေါ်ပြီး  ဗိုလ်ချုပ်လည်း ကုသိုလ်ရအောင် ဒီရွှေဒင်္ဂါးတွေကို သာသနာရေး အဖွဲ့ကို ဒီနေ့ပဲ သွားလှုကြရအောင် ဟု ကိုကြီးနုက  ဒေါ်ခင်ကြည်ကို ပြောပါသည်။
          ဗိုလ်ချုပ်ရော ဦးနုပါ ရွှေဒင်္ဂါး မမက်မော
          ဗိုလ်ချုပ်ရော ကိုကြီးနုပါ ရွှေဒင်္ဂါးတွေကို နှစ်ယောက်စလုံး ဘယ်သူမှ မမက်မော တန်ဘိုးမထား ၊ ကိုယ်ရေးကိုယ်တာအတွက်လည်း မသုံးစွဲ နောက်ဆုံးသာသနာရေးအတွက် လှုဒါန်းလိုက်ပါတယ်။
          ဦးနုမနေသာ၍ နိုင်ငံရေးလုပ် ဖ-ဆ-ပ-လ အဖွဲ့ ရုံးချုပ်မှာ ရုံးစထိုင်နေပါပြီ။ နှစ်နာရီဘဲ နိုင်ငံရေးလုပ်မယ် ကျန်တဲ့အချိန်တွေ စာရေးမယ်လို့ ပြောပါသေးတယ်။ နေ့မအား ညမအား နိုင်ငံရေးကို တိုင်းပြည်အတွက် ဦးနုလုပ်နေရပြီဆိုတာကို  ဦးနုဘာမှမပြော နိုင်တော့ပါ။
          ဦးနုလုပ်နေတဲ့ နိုင်ငံရေးအကြောင်း ကျွန်တော်ပြောပါရစေ။
          ``ကျော်ငြိမ်း  ငါ့ခေါင်းထဲမှာ  အမြဲစဉ်းစားတာ တစ်ခုရှတယ်ကွ`` ဦးနုပြောတာပါ။
          အတွင်းရေးမှုး ဦးကျောငြိမ်းက ``ဘာလဲ အကိုကြီး``ဟု မေးပါတယ်။ ``အိန္ဒိယအစိုးရအတွက် ဘိလပ်က လွတ်လပ်ရေးပေးမယ်လို့ ကြေညာပြီး  ဒို့ဗမာအတွက်  တော့ လွတ်လပ်ရေးအကြောင်း မကြေညာတာ မပြောတာဟာ  ဘာဖြစ်လို့လဲ မင်းသိလား ကျော်ငြိမ်း``
          ``ဘာဖြစ်လို့လဲ အကိုကြီး`` ကိုကျော်ငြိမ်းက ပြန်မေးပါသည်။
          လွတ်လပ်ရေး ဆုံးဖြတ်ချက်ချ
          အိန္ဒိယမှာ တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်တဲ့  မဟတ္တမဂန္ဒီ ရှိသလို ဒို့ဆီမှာလည်း တစ်နိုင်ငံလုံးကို ကိုင်လှုပ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရှိတယ်။  အဲဒါကြောင့်  ဒို့လွတ်လပ်ရေးအတွက်  ဆုံးဖြတ်ချက်တစ်ခုခုကို ချပြီး  တိုက်ပွဲဝင်ချင်တယ်။ ငါ့မှ ဒီဆန္ဒတစ်ခုရှိကြောင်း  မင်းက ဗိုလ်ချုပ်ကို သွားပြောပြပါ။ တိတိကျကျပြောရအောင် ငါထပ်ပြောပြမယ်။  ဒီလိုကွ တစ်နှစ်အတွင်း မြန်မာပြည်ကို လွတ်လပ်ရေးပေးမယ် လို့ ဘိလပ်အစိုးရက ကြေညာရန် အကယ်၍ ပေးမည်ဟု မကြေညာရင် ဖ-ဆ-ပ-လ ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ နှုတ်ထွက် ပြီး လွတ်လပ်ရေးအတွက် အနုနည်းနဲ့ အာဏာဖီဆန်ရန် ၊ အဲဒီအချက်နှစ်ခုကို ပြည်တွင်းမှာလည်း ကြေညာမယ်။ ဘိလပ်အစိုးရကိုလည်း အကြောင်းကြားမယ်။ ကျော်ငြိမ်း   ဗိုလ်ချုပ်ကို အခုငါပြောတဲ့ ကိစ္စ အပြည့်အစုံသွားပြောပါ ။ဒါပဲ။  ဦးကျော်ငြိမ်းဟာ အတွင်းဝန်ရုံးမှာ ရုံးထိုင်နေတဲ့ ဗိုလ်ချုပ်ကို အပြည့်အစုံပြောပြလိုက်ပါသည်။ သုံးနာရီလောက်ကြာတဲ့အခါ ဦးကျော်ငြိမ်းပြန်လာပြီး ကိုကြီးနုကို ပြောသည်မှာ ဒီနေ့ညနေ ဖ-ဆ-ပ-လ အမှုဆောင် အစည်းအဝေးခေါ်မယ်ဟု ဗိုလ်ချုပ်က ပြောလိုက်ပါတယ်။
          ဦးနုအဆိုတင်
          ညနေ အလုပ်အမှုဆောင် အစည်းအဝေးမှာ ဦးနုက အထက်ပါ သူ့အဆိုကို တင်တယ်။ ဦးကျော်ငြိမ်းက ထောက်ခံတယ်။ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ဟာ တပ်ပေါင်းစုဖြစ်တဲ့အတွက် အားလုံးရဲ့ ဆုံးဖြတ်ချက် ကိုစောင့်ကြည့်နေပါတယ်။ ကွန်မြူနစ်တွေ အများစုက လွတ်လပ်ရေးကို တောင်းမယူရဘူး။ တိုက်ယူရမယ်ဆိုပြီး ကန့်ကွက်ပါတယ်။ ကျန်တဲ့သူတွေက ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုစောင့်နေဟန် တူပါတယ်။
          ဗိုလ်ချုပ်ဘာမှမပြော
          ဗိုလ်ချုပ်အောင်ဆန်းကလည်း ဘာမှမပြောဘဲ နားထောင်နေပါတယ်။ သူကန့်ကွက်လိုက်လျှင် အားလုံးက ကန့်ကွက်တာ သဘောတူသွားမယ်။ သူထောက်ခံလိုက်ရင်လည်း အားလုံးက ထောက်ခံသွားကြမယ်။ ဒါကြောင့် ဗိုလ်ချုပ်က အများဆန္ဒစောင့်နေကြတဲ့သဘော ၊ အများဆန္ဒသိလိုတဲ့ သဘောတို့ကြောင့် ဗိုလ်ချုပ်ငြိမ်နေပါတယ်။ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်မပြောပါဘူး။ အများထံမှ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။
          နောက်ည အစည်းအဝေးပြောင်း
          ဦးနု တင်လိုက်တဲ့ အဆိုကို အဖွဲ့ဝင်တွေ အတော်များများ စိတ်ဝင်စားသွားတာကတော့ အမှန်ပါပဲ။ အမှုဆောင်အဖွဲ့ ဆွေးနွေးနေတာ  ည  ၁၂  နာရီကျော်သွားတော့ ဗိုလ်ချုပ်က နောက်နေ့မှ  ထပ်ဆွေးနွေးကြ ဘို့ အစည်းအဝေးကို နောက်နေ့ညနေ ပြောင်းလိုက်ပါတယ်။
          ဦးနုအဆို ဗိုလ်ချုပ်ထောက်ခံ
          နောက်နေ့ ညနေ စောစောလေးမှာ  အစည်းအဝေးမစမီ  ဗိုလ်ချုပ်အောင်ဆန်း ဖ-ဆ-ပ-လ ဋ္ဌာနချုပ်ရောက်လာပြီး  ဦးနုနဲ့ နှစ်ဦးတည်း တွေ့ကြတယ်။ ဦးနုရဲ့ အဆိုတင်သွင်းချက်ကို ဗိုလ်ချုပ် အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပြီး  ဦးနုနဲ့တွေ့တဲ့အခါမှာ ဦးနုပြောတဲ့ အတိုင်းလုပ်ဖို့ကိုင်ဖို့  ဗိုလ်ချုပ်က သူလက်ခံ ကြောင်း လက်ခံမလုပ်ရင် လွတ်လပ်ရေး တောင်းဆိုတဲ့ အခြေခံပျောက်ကွယ်သွားလိမ့်မယ်လို့  ဗိုလ်ချုပ်က ပြောပါတယ်။
          အာဏာဖီဆန်ရေးလည်းပါ
          အာဏာဖီဆန်ရေးဆိုတဲ့ လုပ်ဆောင်ချက်ကိုတော့ ပျော့ပျော့လေးစလုပ်ရမယ်။ ကျွန်တော်တို့ ဗမာတွေက သိပ်စိတ်ဆတ်တယ်။ လုပ်ပြီဆိုရင် အပြတ်လုပ်တတ်ကြတယ်။ အတုယူရမှာက အိန္ဒိယက မဟတ္တမ ဂန္ဒီဟာ လွတ်လပ်ရေးရဖို့ အနုနည်းနဲ့ အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ ပြည်သူတွေ လိုက်နာဖို့ ကြိုးစားတယ်။ မလိုက်နာသူတွေလည်း ပေါ်ခဲ့တယ်ပေါ့။ ဒါပေမယ့် အောင်မြင်ခဲ့တယ်။
          မဟတ္တမ ဂန္ဒီနှင့်  ဗိုလ်ချုပ်
          မဟတ္တမဂန္ဒီ မူအတိုင်း ပျော့ပျော့လေး ဖြစ်အောင်ကြိုးစားမယ်။  ကြမ်းကြမ်းတမ်းတမ်းရောက်မသွား အောင် ကြိုးစားကြဖို့လိုပါတယ်။ ကိုကြီးနုကို ကြိုတင်ပြောအပြီး အစည်းအဝေးစလျှင်စခြင်း  ဗိုလ်ချုပ်က ဦးနုကို သူပြောထားတဲ့အတိုင်း အစည်းအဝေးမှာ ပြောလိုက်တဲ့အခါ အဖွဲ့အစည်းအားလုံးက ဗိုလ်ချုပ်ဆုံးဖြတ်ချက် ကိုလက်ခံလိုက်ကြပါတယ်။
          ဗိုလ်ချုပ်ရဲ့ ဆုံးဖြတ်ချက် အကျဉ်းချုံးပြောရရင်-
          တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမယ်လို့ ဘိလပ်အစိုးရက ကြေညာရမယ်။
          ပေးမယ်လို့ မကြေငြာရင် အစိုးရအဖွဲ့မှ  နှုတ်ထွက်ပြီး အာဏာဖီဆန်ကြရမယ် ဆိုတဲ့ဆုံးဖြတ်ချက်ပါဘဲ။ ဗိုလ်ချုပ်ကို အားကိုးတကြီးနဲ့ ရှေ့တန်းတင်ပြီး လွတ်လပ်ရေး ရရေး ဦးနု ကြိုးစားခဲ့တာပါ။ ဗိုလ်ချုပ်ကတော့ တိုင်းသူပြည်သားများရဲ့ အားပေးမှုများ ရနေတာက တရားလွန်ဖြစ်နေတဲ့ အချိန်အခါပါပဲ။
          ကွန်မြူနစ်တွေက ကန့်ကွက်
          ကွန်မြူနစ် အဖွဲ့ဝင်တွေကတော့  လွတ်လပ်ရေးကို တိုက်ယူရမယ်။ တောင်းမယူရဘူး။ သူတို့ဒါကို မကျေနပ်လို့ အဖွဲကနေပြီးထွက်ကြတယ်။  အဖွဲ့ကလည်း ထုတ်ပြစ်တယ်လို့ ပြောပါတယ်။
          ကျွန်တော် ပခုက္ကူသား တင်စိုး
          ကျွန်တော်က ပခုက္ကူသားဆိုတော့ ဒီကွန်မြူနစ်တွေအကြောင်း ကောင်းကောင်းသိခဲ့တာကတော့ သခင်စိုး ဆင်စွယ်ရွာ ပခုက္ကူနားမှာ လူတွေသတ်လိုက်တာ  ၇၀ -- ၈၀  ကျော် သေခဲ့ဘူးပါတယ်။ ပခုက္ကူ ဦးအုန်းဖေတောင် ထွက်ပြေးတာ စောလို့ အသက်ရှင်ကျန်နေခဲ့တယ်။
          သခင်သန်းထွန်းနဲ့ ပတ်သတ်လို့ကတော့ ဂိုရှယ်ခေါ်  ရဲဘော်ဘတင်။ မူကာဘီကုလားကြီး ။ အတွင်းရေးမှုး ရဲဘော်ဋ္ဌေး ။ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်ဝင်) အားလုံး အားလုံး အချင်းချင်း သတ်ကြ သေကြ။ ပဲခိုးရိုးမ ဖ-ဆ-ပ-လ ကထွက်အပြီး အဲဒီလို ကွဲကြ ၊ ပြဲကြ ၊ သတ်ကြနဲ့ ဇာတ်သိမ်းခဲ့ကြတယ် ပေါ့။
ကျွန်တော် ဆက်ပြောချင်တာကတော့ ဗိုလ်ချုပ်နဲ့ ဦးနု ဖ-ဆ-ပ-လ အဖွဲ့ချုပ်တို့ တိုင်းပြည်အတွက် လုပ်ကြ တာကိုဘဲ ဆက်ပြောပါရစေ။
          ဘိလပ်မှ ဘိတ်စာရ
          ၁၅  ရက် ၊ ရက်  ၂၀ မျှမကြာမီမှာ ဗိုလ်ချုပ်ထံ ဘိလပ်အစိုးရက  ဘိလပ်ကို လာရောက်တွေ့ရန် ဖိတ်ကြားစာ ရောက်လာတာကြောင့် ဦးနုထံ ဦးကျောငြိမ်း ဝမ်းပမ်းတသာသွား၍ ပြောကြားလိုက်ပါသည်။
          ဦးနုချက်ချင်း ဦးကျော်ငြိမ်းကို မေးလိုက်တဲ့မေးခွန်းက ``လွတ်လပ်ရေးအကြောင်းပါရဲ့လား`` လို့ ဦးနုချက်ချင်းပြန်မေးလိုက်တာကို  ဦးကျော်ငြိမ်းက ဒီလို လွတ်လပ်ရေးအကြောင်း သီးခြားရေးမဖိတ်ပါဘူး။ လာရောက်တွေ့ဆုံရန်အကြောင်းသာပါကြောင်း ပြောလိုက်ပါသည်။ ဦးနု အကြီးအကျယ်စိတ်ဆိုးပြန်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်က ဘိလပ်လာမယ်လို့ ပြန်ကြားထားလို့ လက်လွန်ပြီးဖြစ်ကြောင်း ပြန်ပြောပါတယ်။
          ဦးနုက ဖ-ဆ-ပ-လ ဗဟိုလ် ဦးစီးအဖွဲ့ သဘောတူလျှင် သူဘုရင်ခံကို ချက်ချင်းသွားတွေ့မယ် ။ သဘောတူကြလား။ သွားခွင့်ပြုကြမလားလို့  ဦးနုမေးမြန်းချက်ကို အားလုံးက ဘုရင်ခံကို သွားတွေ့ပြီး လွတ်လပ်ရေးအကြောင်း သွားပြောရန်  ခွင့်ပြုလိုက်ကြပါ၍ ဦးနု ချက်ချင်း ဦးကျော်ငြိမ်းနဲ့အတူ ဘုရင်ခံကို သွားတွေ့ဖြစ်ပါသည်။
          လွတ်လပ်ရေးအကြောင်းပြောရန် ဦးနု ဘုရင်ခံဆီသွား
          ဦးနု ဘုရင်ခံနှင့် တွေ့သောအခါ ဦးနု လွတ်လပ်ရေးအကြောင်းပြောနေတာကို ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က လေးလေးစားစား နားထောင်နေတာ တွေ့ရကြောင်း ၊ ဘုရင်ခံက ယခု ဦးနု တင်ပြတဲ့ လွတ်လပ်ရေးအခြေခံ အကြောင်းအရာ ပြည့်ပြည့်စုံစုံကို  ဘိလပ်အစိုးရထံ ချက်ချင်း အကြောင်းကြားပေးပါမည် ဟု ဦးနုနှင့်  ဦးကျော်ငြိမ်းတို့အား ပြောပြလိုက်ပါသည်။
          ဘိလပ်မှ စာပြန်လာ
          မကြာမီရက်အတွင်း  ဘိလပ်အစိုးရထံမှ ဗိုလ်ချုပ်ထံ စာတစ်စောင်ရောက်လာခဲ့ရာ စာအကျဉ်းချုပ်မှာ
          ၁။ ဗြိတိသျှအစိုးရ လက်အောက်တွင် မနေလိုတော့သည့် တိုင်းပြည်များကို နေအောင်တိုက်တွန်း ဆွဲထားရန် ကျွန်ုပ်တို့တွင် ဆန္ဒမရှိပါ။
          ၂။ ယခုလက်ရှိ မြန်မာပြည်ကို  အင်္ဂလိပ်အစိုးရနှင့် ပူးတွဲအုပ်ချုပ်နေသည်မှာ ဖ-ဆ-ပ-လ အဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးတွဲအစိုးရဖြစ်ပါတယ်။
          ၃။ လွတ်လပ်ရေးရရန် ကြိုးစားချီတတ်သည့်အခါ  မြန်မြန်ကြိုးစားရမည်ဖြစ်သော်လည်း စည်းကမ်းတကျ ချီတတ်ရန်မှာ အရေးကြီးကြောင်း အကြံပြုလိုက်ရပါသည်။ဟု  ဘိလပ်ဝန်ကြီးချုပ် အက်တလီ က ပါလီမန်မှာ  ကြေငြာပြီးကြောင်း ဖော်ပြထားသည့်စာ ဗိုလ်ချုပ်အောင်ဆန်းထံ ရောက်လာပါသည်။ သို့ပါ၍ ဘိလပ်သွားရန် ဆုံးဖြတ်လိုက်ကြပါသည်။
          ဘိလပ်သွားရန်အဆိုကို ဖ-ဆ-ပ-လ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က သဘောတူလက်ခံလိုက်ပါ၍ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သွားရန် ဆုံးဖြတ်ပြင်ဆင် လုပ်ကိုင်ကြပါတော့သည်။ ဘိလပ်သွားရေး ပြင်ဆင်နေစဉ် ဦးနုထံမှ ဗိုလ်ချုပ်ထံ ဦးကျော်ငြိမ်း လွှတ်ပြီး ပြောခိုင်းတဲ့ကိစ္စ --
          ဘိလပ်မှာ ဘာဆွေးနွေးမှာလဲ
          လွပ်လပ်ေ၇း  ရရေး ကိစ္စတစ်ခုပြီးသွားလို့ အောင်မြင်ပြီလို့ မဆိုနိုင်သေးပါဘူး  ဟု ဦးနုပြောပါသည်။ လုပ်စရာကိစ္စတစ်ရပ် လုပ်ရန် ဗိုလ်ချုပ်က အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ် ခေါ်ပေးရအုံးမယ် ဒီအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်များ ဘိလပ်အစိုးရနှင့် တွေ့တဲ့အခါ ဘာတွေ ဆွေးနွေးမလဲဆိုတာ ကြိုတင်စဉ်းစားထားသင့်တဲ့အကြောင်း ဦးနုက ဗိုလ်ချုပ်ကို ပြောပါတယ်။ ဗိုလ်ချုပ်က ဦးနုပြောမယ့်ကိစ္စကို ကြိုတင်သိချင်လို့ ဦးနုကိုမေးလိုက်တဲ့အခါမှာ ဦးနုပြောတာကို အကျဉ်းချုံးပြောပြပါရစေ။ 
          ဘိလပ်မသွားခင် ဆုံးဖြတ်စရာများ
          ဦးနုက လွတ်လပ်ေ၇းကိစ္စဆွေးနွေးရာမှာ ထည့်သွင်း ဆွေးနွေး စဉ်းစားရမှာက ကြိုတင်၍ ရွေးကောက်ပွဲတစ်ခု ပါတီပေါင်းစုံပါဝင်ပြီး ညီညွတ်စွာ ဥပဒေအတွင်းက ကျင်းပတဲ့ ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ရန်လိုပါသည်။ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အဖွဲ့ပေါင်းစုံ ပါတဲ့အဖွဲ့ အစိုးရဖွဲ့ပြီး  ဗြိတိသျှအစိုးရက အဲဒီအစိုးရကို အာဏာလွှဲပေးရမယ် ဆိုကြောင်း ပြီးတော့မှ အဲဒီအစိုးရမှ ဦးဆောင်ပြီး နိုင်ငံတော်သစ်အတွက် အခြေခံအုပ်ချုပ်ရေးစည်းမျဉ်း  ဥပဒေကို ရေးဆွဲရမယ်ဟု ဦးနု ကြိုးစားစီမံနေခြင်း ဖြစ်ပါသည်။
          ဦးနုမကြိုက်တဲ့ရွေးကောက်ပွဲ
          ရွေးကောက်ပွဲဥပဒေနဲ့ ပါတ်သတ်လို့ ဦးနုမကြိုက်တဲ့ဥပဒေက ၁၉၃၅ -ခုနှစ်  ၉၁ ဋ္ဌာန ဥပဒေကို မကြိုက်ဘူး။ အဲဒီဥပဒေနဲ့ အထွေထွေရွေးကောက်ပွဲရဲ့အဆိုက အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်မရှိဘူး။ အရွယ်ရောက်ပြီး ပစ္စည်းပိုင်ဆိုင်မှု ဘယ်လောက်ရှိမှ  အခွန်ထမ်းမှုပြုတဲ့သူဆိုတဲ့  မဆိုင်တဲ့ ကိစ္စတွေ အစရှိသည်တို့နှင့် မဲဆန္ဒ ရှင်တစ်ယောက်အတွက် အရည်အချင်းတွေ ကန့်သတ်ထားတာ ဦးနုက မကြိုက်ဘူး။ 
          ဦးနုကြိုက်တဲ့ ရွေးကောက်ပွဲ
          ဦးနုကြိုက်တာက အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိတဲ့ ဥပဒေကို ဦးနုကြိုက်တယ်။ အဲဒီဥပဒေပါ ရွေးကောက်ပွဲကို ``တိုင်းပြုပြည်ပြု လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ``လို့ခေါ်တယ်။ အဲဒီတိုင်းပြုပြည်ပြု လွတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ က လွတ်လပ်ရေးရရှိနေတဲ့ တိုင်းပြည်တွေမှာ လုပ်ကြတဲ့ ရွေးကောက်ပွဲ ဖြစ်လို့ ဦးနုက ဖ--ဆ-ပ-လ ဗဟိုလ် အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒါကိုတင်ပြလိုက်တာပါပဲ။ ဗဟိုလ် အစည်းအဝေးက ဘုရင်ခံထံ ဦးနုသွားတင်ဖို့ အကြံပြုတာကြောင့် မြန်မာနိုင်ငံ ဘုရင်ခံထံ ဤရွေးကောက်ပွဲ နှစ်ခုကို ဦးနုနှင့် ဦးကျော်ငြိမ်းတို့ တင်ပြတဲ့အခါမှာ ဘိလပ်ရောက်မှ တင်ပြဆုံးဖြတ်ပါရန် ဘုရင်ခံက အကြံပြုပါတယ်။ ဗဟိုလ် အလုပ်မှုဆောင် အဖွဲ့မှ ဝန်ကြီးဖြစ်မှ ဘိလပ်အစည်းအဝေးတတ်ရမည် ဆိုပါ၍ ဦးနုကို ဝန်ကြီး တစ်နေရာခန့်ပြီး  ဘိလပ်လိုက်သွားရန် အဖွဲ့ဝင်တွေက အကြံပြုသေးတာကို ဗိုလ်ချုပ်က မြန်မာပြည်တွင်းမှာအရေးကြုံလာပါက ဦးနုလုပ်ကိုင်စရာပေါ်လာပြီး ဖြေရှင်းရဦးမှာမို့  ဘိလပ်မလိုက်ဘဲ မြန်မာပြည်မှာနေရစ်ခဲ့ဘို့  ဗိုလ်ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်.။
          အရေးကြီးကိစ္စ ဗိုလ်ချုပ်ပြော
          အရေးကြီးဆုံးကတော့ ဘိလပ်ဆွေးနွေးပွဲ ပျက်ခဲ့ပါလျှင် ဆုံးဖြတ်ချက်အတိုင်း အာဏာဖီဆန်နိုင်အောင် လူထုလှုပ်ရှားမှုတွေကို ဦးနု လုပ်ကိုင်နိုင်အောင် တာဝန်ယူဖို့ အတွက် ဦးနုမြန်မာပြည်မှာနေခဲ့ဘို့ သင့်ပါတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းပြောပါတယ်။ ဗိုလ်ချုပ်နောက်တစ်ခု ပြောတာကတိုင်းပြုပြည်ပြု လွှတ်တော်ကိုရအောင် ဘိလပ်အစိုးရထံ တောင်းမယ် မရရင် ဆွေးနွေးပွဲဖျက်ပြီး ပြန်ခဲ့မယ်တဲ့။
          ဘိလပ်မလိုက်ဘဲ ဦးနုမြန်မာပြည်မှာ နေရစ်ခဲ့လို့ ဗိုလ်ချုပ်ဆုံးဖြတ်ချက် မှန်လိုက်သမှ လွန်စွာမှန်လိုက်တာ ၊ ဗိုလ်ချုပ်တို့ ဘိလပ်ထွက်သွားတဲ့ နေ့မှာပဲ ရှမ်းပြည်စော်ဘွားတွေက ဘိလပ်ကို အကြောင်းကြားစာတစ်ခု ပို့လိုက်ကြောင်း သတင်းကို ဦးနုသိရပါတယ်။ စော်ဘွားတို့ရေးတဲ့အကြောင်း က ဗိုလ်ချုပ်ဟာ သူတို့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တော် မဟုတ်ကြောင်း ဘိလပ်အစိုးရသိရန် အကြောင်းကြားစာ ဖြစ်ပါသတဲ့။
          ဦးနုရှမ်းပြည်ကို ချက်ချင်းသွားရ
          ရှမ်းပြည်ကို ဦးနုချက်ချင်းလိုက်သွားပြီး ပြည်သူတွေနဲ့ရော ၊ ရင်းနှီးတဲ့ စော်ဘွားတွေနဲ့ပါ အစည်းအဝေး ချက်ချင်းလုပ်ပြီး ဗိုလ်ချုပ်တို့ဟာ ပြည်မ ပြည်ငယ် ပြည်ထောင်စု တိုင်းရင်းသား ပြည်သူတို့ ရဲ့ ကိုယ်စားလှယ်ဖြစ်ကြောင်း ဘုရင်ခံမှတဆင့် ဘိလပ်ကိုစာပို့ကြရပါသေးသတဲ့။
          မြန်မာပြည်တစ်ပြည်လုံး ဗိုလ်ချုပ်ရဲ့ ဘိလပ်ခရီးသတင်း နားစွင့်နားထောင်နေကြပါတယ်။ 
          ဗိုလ်ချုပ် ကုတ်အင်္ကျီရာဇဝင်
          ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိုလပ်အသွား အိန္ဒိယနိုင်ငံကို ခေတ္တဝင်၍ နားနေစဉ် ``အိန္ဒိယ နိုင်ငံက ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ မဟတ္တမဂန္ဒီအပြင် ဂျာဝါဟာရယ် နေရူးနဲ့ပါ`` တွေ့ဆုံဆွေးနွေးကြတယ်။ နေရူးက ဗိုလ်ချုပ်အောင်ဆန်း သိက္ခာရှိရှိ ဝတ်စားဆင်ယင်မှု ပြည့်စုံစေရန် အနွေးထည်ကုတ်အင်္ကျီ ထူထူထဲထဲ ဘိလပ်သားတို့ အထင်ကြီးစေရအောင် လက်ဆောင်ပေး ဝတ်ဆင်စေလိုက်ပါ၍ ဘိလပ်မှာ ဗိုလ်ချုပ် ဂိုက်ကောင်းကောင်း နဲ့ မြင်ရပါသတဲ့။ ကုတ်အင်္ကျီအကြောင်း ကျွန်တော်ထည့်ရေးလိုက်ရကြောင်းပါခင်ဗျ။
          လိမ္မော်သီးသံကြိုးစာ ဘိလပ်မှလာ
          တစ်နေ့မှာ ဦးနုထံ ဘိလပ်မှ သံကြိုးစာ တစ်စောင်ဝင်လာပါတယ်။ သံကြိုးစာက အလွန်တိုတိုလေး ``လိမ္မော်သီး``တဲ့ခင်ဗျ။
          ``လိမ္မော်သီး-- လိမ္မော်သီး``ဟု ဦးနု ဝမ်းပမ်းတသာ  ပျော်ပျော်ရွှင်ရွှင် ``လိမ္မော်သီး``ဟု အော်ပြော နေပါ၍ ဖ--ဆ-ပ-လ အဖွဲ့ချုပ်သား တွေ အံ့သြနေစဉ် ဦးနုက ဘိလပ်မှာ တိုင်းပြုပြည်ပြုလွှတ်တော် အတည်ပြုလိုက်ပြီ``ဟု အားလုံးကို ကြေညာလိုက်ပါတယ်။
          လိမ္မော်သီးအဓိပ္ပာယ်
          အဓိပ္ပာယ် အပြည့်အစုံကတော့ ဗိုလ်ချုပ်အောင်ဆန်းရယ် ၊ ဦးနုရယ် ၊ ဦးကျော်ငြိမ်းတို့ သုံးယောက်သား လျှို့ဝှက် တိုးတိုးတိတ်တိတ် စီမံထားတာက ``တိုင်းပြုပြည်ပြု လွှတ်တော် ``ရလျှင် ``လိမ္မော်သီး``  မရရင် ``သံပုရာသီး`` သံကြိုးရိုက်မည်ဟု ကြိုတင် စီမံ ဆုံးဖြတ်ထားကြကြောင်းပါခင်ဗျ။ ``သံပုရာသီး`` လို့သာဆိုပါက အာဏာဖီဆန်ရေး စလုပ်ကြရတော့မှာပေါ့။
          ဗိုလ်ချုပ်ကို အားထားတဲ့ဦးနု
          ဦးနုဟာ  သူ့သူငယ်ချင်း  ဗိုလ်ချုပ်အောင်ဆန်းရဲ့  အရှိန်အဝါကို လွန်စွာတန်ဘိုးထားကြောင်း ဗိုလ်ချုပ်ကို အားကိုးကြောင်း ဗိုလ်ချုပ်ကို ဦးထိပ်မှာထားပြီး တောင်းဆိုသမျှ ရမှာဖြစ်ကြောင်း ဦးနုယုံကြည်၍ုလုပ်ခဲ့ ကြိုးစားခဲ့သမျှ အောင်မြင်တာ တွေ့ရကြောင်း ပါခင်ဗျာ့။

                       ဒေါက်တာအောင်ခင်ဆင့်

ဗိုလ်ချုပ်အောင်ဆန်းတို့၏ အမေ ဒေါ်စု

ဗိုလ်ချုပ်အောင်ဆန်းတို့၏ အမေ ဒေါ်စု

စောသူရိန်ထွန်း
          အာဇာနည်ခေါင်းဆောင်ကြီးများမှ အာဇာနည် ညီအကို နှစ်ဦးကို မွေးထုတ်ပေးခဲ့သူမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏အကို ဦးဘဝင်းတို့ကို မွေးထုတ်ပေးခဲ့သူမှာ အာဇာနည်မိခင်ကြီး ဒေါ်စုပင်ဖြစ်လေသည်။
          အာဇာနည်ခေါင်းဆောင် ညီအကိုနှစ်ဦးကို မွေးထုတ်ခဲ့သည့် ဒေါ်စုဘဝမှာ စိတ်ဝင်စားစရာ လောကဓံများ ကို ကြံ့ကြံ့ခံနိုင်သူအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဘဝင်းတို့၏ မိခင်ကြီး ဒေါ်စုကို  ( ၂၂-၇- ၁၈၇၇ ) ခုနှစ်တွင် မကွေးခရိုင် ၊ နတ်မောက်မြို့ရှိ မင်းဝိုင်းနေအိမ် အဘ ဦးမြအေး ၊အမိ ဒေါ်သူဇာတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇- ဦးရှိပြီး သမီးအကြီးဆုံးဖြစ်သည်။ တနင်္ဂနွေသမီးဖြစ်ပေမယ့် မိဘများက နေ့သင့်နံသင့်မဟုတ်ဘဲ မစု ဟုအမည်မှည့် ခေါ်ထားခဲ့ကြသည်။ ဒေါ်စု၏ ဦးလေးတော်သူ ပင်းမြို့ ၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့တို့၏ သုံးမြို့ဝန် ဦးမောင်က အစုဟု ခေါ်ပေသည်။ ဒေါ်စု၏ အောက်တွင် မောင်များဖြစ်သည့် ဦးဖိုးသင်း၊ ဦးငွေနိုင်၊ ဦးငွေဆိုင်၊ ညီမ ဒေါ်ယု ၊ ဒေါ်ပု ၊ ဒေါ်ခင်မေတို့ ရှိပေသည်။
          ဒေါ်စုမှာ မအေတူသမီးဖြစ်၍ မျက်နှာသေးသွယ်ကာ အသားညို၍ အရပ်မှာ မနိမ့်မမြင့်ဖြစ်သည်။ ကိုယ်ခန္ဒာအနေအထားမှာ မပိန်လွန်း မဝလွန်းပဲ ကြည့်၍ကောင်းသည်။ ဒေါ်စုမှာစကားနည်းသူ တစ်ယောက်ဖြစ်ပြီး မျက်နှာမှာ ကျက်သရေရှိကာ ခန့်ညားလှသည်။ ဒေါ်စုသည် အကြီးဆုံးသမီးဖြစ်သည့် အပြင် သက္ခာသမာဓိနှင့်ပြည့်စုံကာ မွေးချင်းအားလုံးက အမကြီးဟု ခေါ်ကြသဖြင့် အခြားသူများကလည်း အမကြီးဟု လိုက်ခေါ်ခဲ့ကြသည်။ 
          ဒေါ်စုသည် ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးဖြစ်ကာ မိကောင်းဖခင်သားသမီး ဖြစ်သည့်အတွက် မိဘများ၏ စကားကို ကောင်းစွာနာယူတတ်သည်။ သို့အတွက်ကြောင့်ပင် ၁၁-နှစ် အရွယ်ကပင် မြန်မာအမျိုးသမီးတို့ တတ်အပ်သည့် ရက်ကန်းအတတ် ကို သူမတူအောင် တတ်မြောက်ခဲ့သည်။ ဒေါ်စုသည် ရက်ကန်းအတတ်သာမက စက်ချုပ် အတတ်ကိုပါ သင်ကြားခဲ့သေးသည်။ ဒေါ်စုအတွက် ကံဆိုးသည့်အချက်မှာ သူတို့ခောတ်က အမျိုးသမီးများသည် စာသင်ကြားမှုအလေ့အထ နည်းပါးသောကြောင့် စာေ၇းစာဖတ်ကိုပင် မတတ်မြောက်ခဲ့ရပေ။ စာပေ မသင်ကြားရ၍ စာမတတ်သော်လည်း ဒေါ်စု၏ မှတ်ဥာဏ်မှာ လူတကာ လက်ဖျားခါရခြင်း ခံရလောက်အောင် ကောင်းလှသည်။
          ဒေါ်စု၏ မိဘများသည် ရှေးလူကြီးများပီပီ သမီးကညာ အခါမလင့်စေနှင့် ဆိုသည့်အတိုင်း ဒေါ်စု အသက် (၁၉) နှစ်တွင် နတ်မောက်မြို့အနောက်ပိုင်းရှိ တောင်သူကြီး ဦးဒေကိုနှင့် ဒေါ်ဆွဲလေးတို့၏ တစ်ဦးတည်းသောသား ဦးဖာနှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။ ဒေါ်စုမှာ မိဘနှစ်ပါး သဘောတူ၍သာ အကြောင်းပါရသော်လည်း လက်မထပ်မီအချိန်က ဦးဖာကို တစ်ကြိမ်မျှ မတွေ့မြင်ဘူးခဲ့ချေ။ ထိမ်းမြားလပ်ထပ်ပြီး၍ အကြောင်းပါပြီးသောအခါမှသာ ဦးဖာမှာ ကျောက်ပေါက်များ ပါသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။ ``မောင်ဖာ မှာ ကျောက်ပေါက်ပါမှန်း  အိမ်ထောင်ကျမှ သိရတယ်ကွယ်`` ဟု ရယ်ရယ်မောမောဖြင့် တစ်ခါတစ်ရံ ရယ်စရာမောစရာအဖြစ်ပြောတတ်သည်။
          ဒေါ်စုသည် ဦးဖာနှင့် အကြောင်းဆက်၍ ပေါင်းဖက်ပြီးနောက် ယောက္ခမအိမ်တွင် လိုက်ပါနေစဉ် အတွင်း ၁၈၉၄ ခုနှစ်တွင် အကြီးဆုံးသမီး မခင်ညွန့်ကို ဖွားမြင်ခဲ့သည်။ ၁၈၉၅ ခုနှစ်တွင် ဒုတိယ သမီးဖြစ်သူ မဝက်ကို ဖွားမြင်ခဲ့သည်။ ၁၁-၆-၁၉၀၁ တွင် မောင်ဘဝင်း(အာဇာနည်ခေါင်းဆောင် ဦးဘဝင်း) ကို ဖွားမြင်ခဲ့သည်။ မောင်ဘဝင်းနောက် စတုတ္ထကလေး မရွှေမှန်ကို ဖွားမြင်ခဲ့သော်လည်း ၁၃ နှစ်သမီး အရွယ်တွင် သေဆုံးသွားခဲ့သည်။ ထိုအချိန်က ဒေါ်စုသည် ယောက္ခမ များအိမ်တွင်လည်းမနေ မိဘများနှင့်လည်း မနေတော့ဘဲ ဒေါ်စုတို့၏ မင်းဝိုင်းကြီးအတွင်းမှာပင် အိမ်တစ်ဆောင် သီးသန့်ဆောက်ကာ နေထိုင်ခဲ့လေသည်။ ၁၉၀၅  ခုနှစ်တွင် ပဉ္စမမြောက်ကလေး မောင်နေအောင်ကို ဖွားမြင်လေသည်။ ထိုစဉ်က ဒေါ်စု၏ တိုက်တွန်းချက်အရ ဦးဖာသည် လယ်သမားဘဝကို စွန့်၍ ပျော်ဘွယ်မြို့တွင် ဥပဒေသင်တန်းတတ်ရောက် ပြီးနောက် တတိယ အမိန့်တော်ရ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့လေသည်။ ထိုအချိန်မှစ၍ ဒေါ်စုသည် လယ်သမားမယား ဘဝမှ အမိန့်တော်ရ ရှေ့နေကတော် ဒေါ်စုဘဝသို့ မမျှော်လင့်ဘဲေ၇ာက်ရှိခဲ့ရလေတော့သည်။
          ဦးဖာ ရှေ့နေဖြစ်ပြီး မကြာမီမှာပင် ဆဋ္ဌမကလေး ဦးမောင်ညိုမောင် နှင့် ငယ်စဉ်ကပင် ကွယ်လွန်သွား ခဲ့သော သတ္တမကလေး မောင်ထွန်းလင်းတို့ကို တစ်နှစ်ခြားစီ ဖွားမြင်ခဲ့လေသည်။ ၂၀-၈-၁၉၁၁ တွင် အဋ္ဌမကလေး မောင်အောင်သန်းကို မွေးဖွား၍ ၁၃-၂-၁၉၁၅ တွင် နဝမကလေး မောင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း) ကို ဖွားမြင်ခဲ့သည်။ ထို့ကြောင့် ဒေါ်စုသည် သားသမီး  ၉ယောက် ဖွားမြင်ခဲ့သည့် မိခင်တစ်ဦးဖြစ်သည်။ ဒေါ်စုသည် အိမ်ထောင်ကျသည်မှစ၍ မောင်နေအောင် မွေးဖွားပြီးအချိန်အထိ ပင်ပန်းဆင်းရဲကြီးစွာဖြင့် လုပ်ကိုင်ရှာဖွေကာ အိမ်ထောင့်တာဝန်ကို ရုန်းကန်ထိမ်းသိမ်း စောင့်ရှောက်ခဲ့ရသည်။ ခင်ပွန်းသည် ဦးဖာသည် ငယ်စဉ်က မြင်းစီးအလွန်ဝါသနာပါ၍ ထိုစဉ်က နတ်မောက်မြို့တွင် အလွန်ခောတ်စားခဲ့သော မြင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် စီးနေခြင်းဖြင့်သာအချိန် ဖြုံးခဲ့သည်။ ဒေါ်စုတစ်ယောက်တည်းသာ အိမ်ထောင့်တာဝန်ထမ်းကာ သားသမီးများကို ရင်အုပ်မကွာ ကျွေးမွေးပြုစု ခဲ့လေသည်။
          ဒေါ်စုသည် ငယ်စဉ်ကမှ စ၍ ကွယ်လွန်ချိန်အထိ ရှေးဘုန်းကံ ပါရမီနှင့် ပြည့်စုံခဲ့သည့် အမျိုးသမီး ဖြစ်ခဲ့သည်။ သမီးအကြီုးဆုံး ဒေါ်ခင်ညွန့်မှာ ဒေါ်စုနှင့် အလွန်တူသည်။ မခင်ညွန့်သည် အိမ်ထောင်သားမွေး အလုပ်ကို စပ်ဆုပ်သည်။ သို့အတွက်ကြောင့်ပင် အသက် ၄၆ နှစ်အရွယ်အထိ အိမ်ထောင်မပြုဘဲ အပျိုကြီး ဘဝနှင့် မိခင်ဒေါ်စုနှင့်အတူ နေထိုင်ခဲ့သည်။ ဒေါ်စုကေ၇ှ့ရေးကို မျှော်တွေးကာ သမီးကြီး မခင်ညွန့်အား မြေစာရင်း အင်စပက်တော် ဦးသာရင်နှင့် လက်ထပ်ပေးခဲ့သည်။ ဒုတိယသမီး မဝက်ကတော့ မိခင်ကြီးနှင့် ရာသက်ပန်မခွဲလိုသဖြင့် မိခင်ကြီးက တိုက်တွန်းသော်လည်း ကွယ်လွန်ချိန်အထိ အပျိုကြီးဘဝဖြင့် နေထိုင် သွားခဲ့လေသည်။
          သားကြီးမောင်ဘဝင်းကတော့ ဒေါ်စုအား အလွန်ကြည်ညိုသည်။ ရိုးသားဖြောင့်မတ်သူဖြစ်သည်။ နတ်မောက်မြို့တွင် မြန်မာ ၉တန်း အောင်ပြီးနောက် ရေနံချောင်းမြို့က ဘီအိုစီ ကုမ္ပဏီတွင် စာရေးအလုပ်ကို လုပ်ကိုင်လေသည်။ ၎င်း ရသောလစာကို စု၍ မိခင်ထောက်ပံ့သောငွေနှင့် ပူးပေါင်းကာ တက္ကသိုလ်ဆက်တတ် ခဲ့သည်။ ဤသသို့ဖြင့် ၁၉၂၉ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် သိပ္ပံဘွဲ့ Bsc အောင်မြင်ခဲ့သည်။ ထို့နောက် ရေနံချောင်းမြိ့တွင် ကျောင်းဆရာကြီးဖြစ်ခဲ့သည်။  ဒေါ်စုသည် သားကြီးမောင်ဘဝင်းအား ၎င်း သဘောကျ သည့် တောင်တွင်းကြီးဇာတိ ၊ဦးအံ့ကြီးနှင့် ဒေါ်ရွှေမေတို့၏ သမီး မခင်စော နှင့် ၁၉၃၅ ခုနှစ်တွင် ကိုယ်တိုင် စေ့စပ်၍ တောင်းရမ်းလက်ထပ်ပေးခဲ့သည်။ ဒေါ်စုသည် သား ၊ ချွေးမ မခင်စော ၊မြေးများဖြစ်သော မတင်လှဝင်း မောင်စောဝင်း၊ မောင်အေးဝင်း ၊ မခင်မြဝင်း၊ မောင်စိန်ဝင်း၊ မောင်ထွေးဝင်းတို့နှင့်အတူ ဂျပန်တစ်ခောတ်လုံး အတူတကွ နေထိုင်ခဲ့ရသဖြင့် စိတ်ကျေနပ်မှုရ ခဲ့သည်။
          ဒေါ်စု၏ သားအလတ်ဖြစ်သူ မောင်နေအောင်မှာ ၁၉၂၇ ခုနှစ်တွင် တတိယတန်းရှေ့နေစာမေးပွဲ အောင်မြင်ပြီးနောက် နတ်မောက်မြို့အနီး ဘုန်းတော်ပြည့်ရွာသူကြီး ဦးဘိုးလှိုင်၏ သမီး မခင်လေးနှင့် ၁၉၃၀ ပြည့်တွင် အမေစုကိုယ်တိုင် တောင်းရမ်းလက်ထပ်ပေးခဲ့သည်။ မောင်နေအောင်သည် ဂျပန်ခောတ်တွင် တရားမမြို့အုပ် ခန့်ထားခြင်းခံရသည်။ ဒေါ်စုသည် သားအားလုံးတွင် မောင်နေအောင်နှင့် နေရသည် များသဖြင့် မောင်နေအောင်ကို ပိုပြီး သံယောဇဉ်ပိုကြီးခဲ့သည်။
          ဒေါ်စုသည် နို့ညှာသားဖြစ်သူ မောင်အောင်သန်း (၁၉၁၁-၁၉၉၁) ကိုလည်း ရန်ကုန်တက္ကသိုလ်တွင် ၁၉၃၄ ခုနှစ်၌ ဝိဇ္ဇာ BA ဘွဲ့ ရရှိပြီးနောက် နယ်ပိုင်ဝန်ထောက်ရာထူး ရရှိသည်အထိ ပညာသင်ကြားပေးခဲ့သည်။ ဦးအောင်သန်းမှာ တက္ကသိုလ်တတ်နေစဉ် ယစ်မျိုးဝန်ထောက် ဦးဘ ဒေါ်စံတို့၏ တတိယသမီး မခင်နုနှင့် အကြောင်းဆက်ခဲ့သည်။ မခင်နု၏ အမ မခင်တုတ်မှာ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က လက်ထပ်ခဲ့သဖြင့် မောင်အောင်သန်းနှင့် သခင်ထွန်းအုပ်တို့ မယားညီအကိုတော်ကြလေသည်။ မခင်နုသည် ဒေါ်စုတို့နှင့် အမျိုးတော်သော တောင်တွင်းကြီးဇာတိ ဦးဘတင်၏ သမီးဖြစ်သည့်အတိုင်း ဒေါ်စုက သဘောကျ ကျေနပ်ကာ အင်းစိန်မြို့သို့ ကိုယ်တိုင်သွားရောက်တောင်းရမ်း၍  ၇-၁၁-၁၉၃၆ ရက်တွင် ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ပေးခဲ့လေသည်။ ဦးအောင်သန်းသည် မခင်နုနှင့် သားသမီး ငါးဦး စောလှအောင်သန်း မရီရီသန်း မတီတီအောင်သန်း ၊ မောင်ချိုအောင်သန်း ၊မငယ်မမသန်း တို့ထွန်းကားခဲ့လေသည်။
          ဒေါ်စုသည် သားအထွေးဆုံးနှင့် အလိုလိုက်ခံရဆုံးမောင်အောင်ဆန်း ကိုကား နတ်မောက်မြို့ ဘုန်းတော်ကြီး ဦးသောဘိတ၏ အထက်တန်းကျောင်းတွင် ၇ တန်းအထိ ပညာသင်ကြား သင်ကြားပေးပြီးနောက် ၁၉၂၈ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းတွင် ၁၀ တန်းအောင်မြင်သည်အထိ ကျောင်းထားခဲ့သလို ရန်ကုန်တက္က္ကသိုလ်သို့ပို့၍ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ BA ဖြင့် အောင်မြင်သည်အထိ ပညာသင်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် မခင်ကြည်တို့မှာ ဂျပန်ခောတ်တွင် ၆-၉-၁၉၄၂ ခုနှစ် ၌ နှစ်ဦးသဘောတူ ချစ်ကြိုက်၍ ဘီအိုင်အေ ပြည်သူ့ဆေးရုံကြီး ယခု (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) တွင် လက်ထပ်ခဲ့ကြရာ ဒေါ်စုမှာ အခြား သားသမီးများကဲ့သို့ ကိုယ်တိုင် ကိုယ်ကျ တောင်းရမ်း လက်ထပ်မပေးခဲ့ရသော်လည်း ဗိုလ်ချုပ်ရာထူးလက်ခံပြီးနောက် ``မယားပြ`` အဖြစ် ဗိုလ်ချုပ် နတ်မောက်မြို့သို့ သွားရောက်လည်ပတ်စဉ် မခင်ကြည်အား ခေါ်ဆောင်သွားရာ ချွေးမကလေး မခင်ကြည်၏ ရိုသေကိုင်းရှိုင်းမှု လိမ္မာရေးခြားရှိမှုတို့ကို သိရသောအခါ ဒေါ်စုမှာ သားအောင်ဆန်းနှင့် ချွေးမလေး မခင်ကြည်တို့အပေါ် ပျော်တပြုံးပြုံးဖြင့် ကျေနပ်နေလေသည်။
          ဒေါ်စုသည် အသက် ၆၀ ပြည့်သောနှစ်တွင် ငယ်စဉ်ကပင်ပေါင်းသင်းခဲ့ရသော ခင်ပွန်းသည် ဦးဖာ (၆၇) နှစ်မှာ လူကြီးရောဂါဖြင့်  ၁၈-၅ ၁၉၃၁ တွင်ကွယ်လွန်အနိစ္စရောက်ခဲ့ရကာ ဒေါ်စုမှာ မုဆိုးမဘဝဖြင့် သားသမီးများကို ထိမ်းသိမ်းစောင့်ရှောက်ခဲ့ရလေသည်။ ဤသည်မှာ ဒေါ်စု၏ ပထမဆုံးအကြိမ်လောကဓံကို ခံစားခဲ့ရခြင်းဖြစ်သည်။ ဒေါ်စု၏ အသက် ၆၄ နှစ်အချိန်တွင် ဒုတိယအကြိမ် လောကဓံကို ခံစားရပြန်သည်မှာ အချစ်ဆုံး သမီးကြီးဖြစ်သူ မခင်ညွန့်မှာ ၁၉၄၆ တွင် မီးယပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရသဖြင့် သားသမီးအပူကို ပထမဆုံး စတင်ခံစားခဲ့ရသည်။ ထို့နောက် ဒေါ်စုသည် ၁၉-၇-၁၉၄၇ ခုနှစ်တွင် သားနှစ်ဦး ဝန်ကြီး ဦးဘဝင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့နှစ်ဦးလုံး မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပြန်ရာ ပရိဒေဝ မီးတို့ ထပ်မံလောင်ခြင်းခံခဲ့ရပြန်လေသည်။ 
          ထိုမှတဖန် ဒေါ်စုသည် သားကိုနေအောင်၏ သမီး မြင့်မြင့်လေးမှာ ငယ်စဉ်ကပင် ဒေါ်စုနှင့် လာရောက် နေထိုင်ခဲ့သဖြင့် သားအချစ် မြေးအနှစ် ဆိုသည့်အတိုင်း မြေးကလေးကို အလွန်အချစ်ပိုခဲ့သည်။ သို့သော် မြင်ြ့မင့်လေးမှာ နတ်မောက်မြို့ ဗိုလ်ချုပ်အထိမ်းအမှတ် နိုင်ငံတော် တန်းမြင့်ကျောင်း၌ ဆဋ္ဌမတန်းပညာ သင်ကြားနေစဉ် အဖျားရောဂါဖြင့် ဒေါ်စုလက်ပေါ်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်သွားလေရာ ဒေါ်စုမှာ လောကဓံ၏ အပူမီးကို မြေးအပူနှင့် ကြုံတွေ့ခဲ့ရပြန်လေသည်။ ဒေါ်စုသည် လောကဓံကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော်လည်း တုံလှုပ်ခြောက်ခြားမှုမရှိဘဲ ရဲဝံ့စွာရင်ဆိုင်ကျော်လွှားရင်း နတ်မောက်မြို့ကို ရဲဘော်ဖြူများ သိမ်းပိုက်ထားချိန် အသက် ၇၅ နှစ်အရွယ် ၃-၁၂-၁၉၅၁ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ လေသည်။ 
          ဒေါ်စု၏ ဈာပနကို ၅ ရက်တိတိထားခဲ့ပြီး ဈာပနကိစ္စအဝဝကို ဒေါ်စု၏ မောင်ဖြစ်သူ ဘုန်းကြီး ဦးသောဘိတက ကြီးကြပ်စီစဉ်ပေးခဲ့သည်။ နတ်မောက်မြို့ရှိ ဆွေမျိုးများက ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ဖြစ်သည့်အတွက် မယ်တော်ပျံကဲ့သို့ ဂုဏ်ဒြပ်ဖြင့်ညီစွာ ခမ်းခမ်းနားနား ကျင်းပရန် စီစဉ်ခဲ့သော်လည်း ခောတ်ကာလ အခြေအနေအရ အကျဉ်းချုံးကာ ကိစ္စပြီးအောင်ပြုလုပ်ရန် ဘုန်းတော်ကြီး ဦးသောဘိတက ဆုံးမသဖြင့် အကျဉ်ချုံး၍ ကျင်းပခဲ့ရလေသည်။ ဒေါ်စု၏ သက်စေ့အဖြစ် သံဃာတော် ၇၅ ပါးပင့်ဆောင်`၍ ဝတ္ထုငွေ ငါးကျပ်စီ လှုဒါန်းပူဇော်ခဲ့ကြသည်။
စောသူရိန်ထွန်း
မှီငြမ်း တက္ကသိုလ်ဆုမြိုင်(ဦးအောင်သန်း-အောင်ဆန်း မိသားစု)ဗိုလ်ချုပ်ဆောင်းပါး

Monday, July 30, 2012

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ် မော်ကွန်းတင် သတင်းကား

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ်
မော်ကွန်းတင် သတင်းကား
ကေမြူး
          မြန်မာပြည်သူတို့သည်  ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းအား ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်၇ာ ကျောင်းသားများသမဂ္ဂ အမှုဆောင်အတွင်းရေးမှုး နှုင့် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်၇ာနှင့် ကျောင်းသားသမဂ္ဂကထုတ်ဝေ သည့် အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ရာတို့တွင် ဗြိတိသျှနယ်ချဲ့အား ရဲဝံ့စွာ ဆန့်ကျင်လှုပ်ရှား ခဲ့၍ စတင်သိကြွမ်းဝင်ခဲ့ကြသည်။ 
နောက် ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းအဖြစ် နယ်ချဲ့ဆန့်ကျင်ရေး နှင့် တောင်ပေါ်မြေပြန့် ဒေသဆိုင်ရာ တောင်တန်းဒေသပါ လွတ်လပ်ေ၇းရယူရန် ကြိုးပမ်းမှုတွင် ရွတ်ရွတ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့ရာ၌ ပြည်သူများအကြား ဂုဏ်သတင်းပျံ့နှံ့ထင်ရှားခဲ့ သည်။ ဒို့ဗမာ အစည်းအရုံး၏ အထွေထွေအတွင်းရေးမှုးတာဝန်ယူထားစဉ် လွတ်လပ်ရေးကြိုးပမ်းမှုတွင် နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ပွဲဝင်ရန်ရည်ရွယ်၍ ၁၉၃၉ -ခုနှစ်တွင် ဖွဲ့စည်းသော ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအတွင်းရေးမှုးနှင့် ပြည်သူ့အရေးတော်ပုံပါတီ၏ ဗဟိုလ်အဖွဲ့ ပြည်ပရေးရာ ခေါင်းဆောင်တာဝန် ထမ်းဆောင် မှု ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ်အား လျှို့ဝှက်ခေါင်းဆောင်သွားရောက်၍ စစ်ပညာ သင်ကြားမှု ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးဆောင်ဖွဲ့စည်း၍ ၁၉၄၂ -ခုနှစ်ဆန်းတွင် ဂျပန်တပ်မတော် စစ်ကြောင်းများနှင့်အတူ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များအား တိုက်ထုတ်မှု ၊ ဗြိတိသျှတပ်များ ဆုတ်ခွာသွားပြီး ဂျပန်စိုးမိုးသောကာလ ၁၉၄၂-၁၉၄၅ တွင် ဖက်ဆစ်စနစ်၏ ကြမ်းကြုတ်မှုကို မခံရပ်နိုင်သဖြင့် ပြည်သူနှင့် တပ်မတော်ကို ဦးဆောင်၍ မဟာမိတ်တပ်များနှင့်အတူ ဂျပန်တို့အား တော်လှန်တိုက်ခိုက်မှုနှင့် ဂျပန်တပ်များ ဆုတ်ခွာပြီးနောက် ဗြိတိသျှတပ်များ ပြန်လည်ဝင်ရောက်လျှင် ဖက်ဆစ်တော်လှန်ရေးတွင် သန္ဓေတည်ဖွဲ့စည်းခဲ့ သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဖ-ဆ-ပ-လ အား တိုင်းရင်းသားပေါင်းစုံ ၊ လူတန်းစား စုံနှင့် ပါတီအသင်းအဖွဲ့စုံပါဝင်အောင် စည်းရုံးဖွဲ့စည်းလျှက် ဗြိတိသျှအစိုးရသို့ လွတ်လပ်ရေး အမြန်ဆုံးပေးရန် တောင်းဆိုမှုတို့လုပ်ဆောင်လျှင်  မြန်မာပြည်သူတရပ်လုံးက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ယုံကြည်လေးစားချစ်ခင်ခဲ့ကြသည်။
          ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည်  ဖ-ဆ-ပ-လ ခေါင်းဆောင်အဖြစ်ဖြင့် ဗြိတိသျှအစိုးရနှင့် စေ့စပ်ညှိနှိုင်း၍ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇- ရက်တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့လူဝီ မောင့်ဘတ်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့တပ်မတော်ဖွဲ့စည်းရေး ဆိုင်ရာ စာချုပ် ကန္ဒီစာချုပ်   ချုပ်ဆိုခြင်း။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ဘုရင်ခံ၏ အမှုကောင်စီ အမျိုးသားယာယီ အစိုးရအဖွဲ့ ၌ ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်သည့် ဘုရင်ခွံ၏ အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရအဖွဲ့) ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် အခြားအဖွဲ့ ပါတီကိုယ်စားလှယ် ၁၁ဦး ပါဝင်တာဝန်ထမ်းဆောင်ခွင့်ရခြင်း ၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာ့လွတ်လပ်ရေး အမြန်ရရေးအတွက် အခြေခံလိုအပ်ချက်များကို ဖော်ညွှန်းသည့် စာချုပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့လက်မှတ်ထိုးခြင်း (အောင်ဆန်း အတ်တလီစာချုပ်) ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မြေပြန့်နှင့်တောင်တန်းဒေသ အားလုံး လွတ်လပ်ရေး တစ်ပေါင်းတည်း ရယူမည်ကို ဖော်ညွှန်းသည့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦး တို့လက်မှတ်ရေးထိုးခြင်း၊ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြု ပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်မှ  ၉၅.၃ % ဖြင့် မဲအပြတ် အနိုင်ရခြင်း ၊ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပသည့် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းအဆိုပြုသည့် အခြေခံဥပဒေဆိုင်ရာ လမ်းညွှန်ချက်ကို အတည်ပြု၍ အခြေခံဥပဒေရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခြင်း ၊ ၁၉၄၇ ခုနှစ် ဇွန်လ အတွင်းတွင် တိုင်းပြု ပြည်ပြု လွှတ်တော် ဥက္ကဋ္ဌ ဦးနု အဖွဲ့ နှင့် ဗြိတိသျှကိုယ်စားလှယ် အဖွဲ့သည် အာဏာလက်ခံလွှဲပြောင်းရေး အတွက် ဆွေးနွေးခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုတစ်ရပ်လုံး၏လေးစား ချစ်ခင်ယုံကြည် မှုကို အပြည့်အဝရရှိခဲ့သည်။ ထိုသို့ ပြည်သူလူထုတစ်ရပ်လုံး၏ လေးစားကြည်ညိုချစ်ခင်မှုကို အပြည့်အဝရယူ ထားချိန် ၁၉၄၇ ခု ဇူလိုင်လ  ၁၉ ရက်နေ့တွင် မသမာသူတို့၏ လုပ်ကြံမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ဝင်ဝန်ကြီး များဖြစ်သော သခင်မြ ၊ ဒီးဒုတ်ဦးဘချို၊စဝ်စံထွန်း ၊ ဦးဘဝင်း ၊ ဦးရာဇာတ် ၊ မန်းဘခိုင် နှင့် အတွင်းဝန် ဦးအုန်းမောင် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ကြရသည်။ မြန်မာပြည်သူတရပ်လုံးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံးမှုအတွက် ကြီးမားစွာ ဝမ်းနည်းခဲ့ကြရသည်။
          မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ရုံတင်သည့် အမျိုးသားေ၇းနှင့် နယ်ချဲ့ဆန့်ကျင် ရေးတွင် ဦးဆောင်မှုပေးခဲ့သော ဝိုင်အမ်မ်ဘီအေ အသင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာမန သတင်းကားဖြင့် စတင်ထွန်းကား ခဲ့သည်။ မြန်မာ့ ရုပ်ရှင် ပညာရှင်တို့သည် ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးသမား ဗိုလ်စံဖဲ၏ တရားစွဲဆိုခံရပုံမြင်ကွင်း ၊ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံ၏ ပြစ်ဒဏ်စီရင်ခံရပုံမြင်ကွင်း ၁၃၀၀ ပြည့်အရေးတော်ပုံတွင် ချောက်ရေနံမြေမှ ရန်ကုန်မြို့သို့ အလုပ်သမားများ ချီတတ်ပုံ နှင့် အတွင်းဝန်ရုံးအား ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဝိုင်းဝန်းပုံ မြင်ကွင်းများ ရွှေတောင် တိုက်ပွဲနယ် ဗြိတိသျှတပ်များအား မြန်မာပြည်သူများ နှင့် လွတ်လပ်ရေး တပ်မတော် တိုက်ပွဲဝင်ကြပုံ မြင်ကွင်းများ ၊ ဗြိတိသျှတပ်များ ထွက်ခွာ၍ ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်မြို့အတွင်း ဝင်ရောက်ချီတတ်လာပုံ စစ်ရေးပြပုံ ၊ တပ်အား ဗိုလ်ချုပ်အောင်ဆန်းစစ်ဆေးပုံမြင်ကွင်း များ၊ ဂျပန်စိုးမိုးသော ကာလတွင် တိုကျိုမြို့၌ ဂျပန်အစိုးရက အဓိပတိ ဒေါက်တာဘမော်နှင့် ဗိုလ်ချုပ်အောင်ဆန်း စသည့်ဝန်ကြီးများအား သူရဲကောင်းနေမျိုးနွယ်ဘွဲ့နှင့် ရွှေစလွယ်ချီးမြင့်ပုံ၊ အပြန်ခရီးတွင် ပြည်သူတို့ ကြိုဆိုကြပုံ နှင့် ဒေါက်တာဘမော်အစိုးရအဖွဲ့ ဆောင်ရွက်ပုံ မြင်ကွင်းများ ၊ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ တွင် ဂျပန် တပ်များအား မြန်မာပြည်သူများနှင့် ဗမာ့တပ်မတော် တော်လှန်တိုက်ပွဲဝင်ကြပုံ မြင်ကွင်းများ၊ မြန်မာ့ ရုပ်ရှင် ငွေရတုသဘင်နှင့် မြန်မာနိုင်ငံ စက်မှုလက်မှု ပြပွဲသို့ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒီးဒုတ်ဦးဘချိုတို့ တတ်ရောက်ချီးမြင့်ပုံနှင့် အခမ်းအနားမြင်ကွင်းများ ၊လွတ်လပ်ရေး ကြိုးပမ်းမှုအောင်မြင် ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များ မြန်မာနိုင်ငံတဝန်း စည်းရုံးရေး ဆင်းစဉ် မြင်ကွင်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးညှိနှိုင်းကြပုံနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြပုံမြင်ကွင်းများ စသည့်အထင်ကရ အဖြစ်အပျက်များကို  အစဉ်အလာမပျက် မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
          ထို့အပြင် အမျိုးသားရေး ၊နယ်ချဲ့ဆန့်ကျင်ရေး ၊ ဖက်ဆစ်တော်လှန်ရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတို့ကို ရည်ရွယ်လှုံ့ဆော်သည့် ဇာတ်လမ်းရုပ်ရှင် များစွာကိုလည်း အခါအားေ လျာ်စွာ ဖန်တီးရိုက်ကူး ခဲ့ကြသည်။
          ထိုရုပ်ရှင်ကားများတွင် ဗြိတိသျှဘားမား ရုပ်ရှင် မှ ဇာတ်လမ်း ဇာတ်ညွှန်း ကိုနုနှင့် ဒါရိုက်တာ ဦးဘဇင် တို့ညွှန်ကြား၍ တင်ဆွေ မေမေဝင်းနှင့် လှမောင်ကြီးတို့ ဦးဆောင်လျှက် ဇာတ်ဝင်ခန်းအချို့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများဖြစ်သော ကိုနု ၊ ကိုနု ၊ ကိုရာရှစ် ၊ ကိုထွန်းအုံနှင့် ကိုအောင်ဆန်းတို့ သရုပ်ဆောင်ပြီး အမျိုးသားတက္ကသိုလ်ပေါ်ထွန်းရေး လှုံ့ဆော်သည့် ဘွိုင်းကော့တာ လည်းပါဝင်ခဲ့သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ရုပ်အလောင်းများ ထားရှိရာ ဆေးရုံနှင့် နေအိမ်များမှ တဆင့် ဇူလိုင်လ ၂၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဂျူဗလီဟောသို့ ရွေ့ပြောင်း ပို့ဆောင်ထားခဲ့သည်။ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် တာမွေ ၊ ကင်းဘဲလ်လမ်း မဟာမေဒင် သုဿန်၌ ဓလေ့ထုံးစံနှင့် အညီ သဂြိုလ် ခဲ့ကြပြီး ကျန်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ရွှေတိဂုံစေတီ မြောက်ဘက်ရှိ အာဇာနည်ဗိမာန် ၌ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့် အညီ သဂြိုလ် ခဲ့ကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ဂျူဗလီခန်းမသို့ ပြောင်းရွေ့ ပို့ဆောင်ပုံ၊ ဂျူဗလီ ခန်းမအတွင်း၌ ပြည်သူများ ဂါရဝပြုရန် ပြင်ဆင်ထားပုံ၊ ပြည်သူများ ပါတီနှင့် အသင်းအဖွဲ့များ နိုင်ငံခြား သံတမန် များ လာရောက် ဂါရဝပြုကြပုံ ဓလေ့ထုံးစံ များနှင့်အညီ ပို့ဆောင် သဂြိုလ်ကြပုံတို့ကို မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
          ထို့နောက် ဗြိတိသျှ ဘားမားရုပ်ရှင် အေဝမ်းဖလင်နှင့် ပဲရစ် ရုပ်ရှင် စသည့် ရုပ်ရှင် ကုမ္ပဏီများမှ ရိုက်ကူးထိမ်းသိမ်းထားသည့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနှင့် လွပ်လပ်ရေး ကြိုးပမ်းမှု ကာလတို့မှ မှတ်တမ်းတင် ရုပ်ရှင်ကားများ နှင့် ဘွိုင်းကော့တာ ရုပ်ရှင်ကားတို့မှ သင့်လျော်ရာ ပြကွက်များနှင့် ဆက်စပ် တည်းဖြတ်ပြီး ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ် မော်ကွန်းတင် သတင်းကား``ကို ရုံတင်ရန် ထုတ်လုပ်နိုင်ခဲ့ရာ ကားပိုင်း ၇ ပိုင်း ၊ ပေ၇၀၀၀ ခန့် ရှည်လျားသည်။
          1947 ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့နယ် သွင်ရုံ ၊ လမ်းမတော် ကိုဋ္ဌေးရုံ ၊ ဗဟန်း ကန်တော်ကြီး ရန်ကုန်ရုံနှင့် ကြည့်မြင်တိုင်        ရွှေတိုင်သီရိရုံတို့တွင် နေ့စဉ်နေ့တိုင်း ၅ ပွဲနှုံးဖြင့်ပြသခဲ့သည်။ မြန်မာနိုင်ငံ တူရိယာပညာရှင်များ အဖွဲ့ချုပ်က ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးမော်ကွန်းတင် သတင်းကား`` ပြသသည့် ရုံတိုင်း၌ နောက်ခံတေးဂီတ တီးခတ်သီဆိုရန် ဂီတပညာရှင်များ စီစဉ်ပေးခဲ့သည်။ သွင်ရုံတွင် စန္ဒားစက်ဆန်း ကိုမြမောင်အဖွဲ့နှင့် အဆိုတော် ဥသြဘသောင်း ၊ ဟင်္သာကြည်နှင့် မနုတို့က ၎င်း၊ ကာဋ္ဌေးရုံတွင် စန္ဒား ကိုသောင်း (ဆိုင်းဆရာ ဗိုလ်ကေသောင်းအဖွဲ့) နှင့် အဆိုတော် သထုံဘသိန်း ၊ စိန်ပါတီတို့က ၎င်း၊ ရန်ကုန်ရုံတွင် စန္ဒယား အေဝမ်းခင်မောင် အဖွဲ့နှင့် အဆိုတော် ပြည်ဘရှင်၊ ရွှေမြိုင်ကြည် တို့က၎င်း၊ ရွှေတိုင်သီရိရုံတွင် စန္ဒယား စစ်ကိုင်းလှရွှေအဖွဲ့နှင့် အဆိုတော် ကိုသန်းတင်၊ လွတ်လပ်ရေးအောင်သန်းတင် တို့က၎င်း၊ တီးခတ်သီဆိုခဲ့ကြသည်။ 
          နောက်ခံဇာတ်ဝင်တေးသီချင်းများကို သဟာယ ဆရာတင် ၊ (မမေ့နိုင် ၊ ကမ္ဘာ့စံပြ နှင့် လွမ်းမပြေတဲ့စနေ၊ ) ရန်နိုင်စိန်(လူထုတိုက်ပွဲ) ၊ စိန်ဝေလျံ(တစ်ဗိုလ်ကျ တစ်ဗိုလ်တတ်)၊ တက္ကသိုလ်စိုး(ပြည်သူ့မျက်ရည်)၊ ရွှေပြည်အေး(ပြည်သူ့ရင်သွေး)၊ နှင့် ကက်နက်စိန်(အထွဋ်အမြတ်သွေးငိုချင်း)၊ တို့က ရေးစပ်သီကုံးပေးကြသည်။ ဇာတ်ဝင်တေးသီချင်းများကို ပုံနှိပ်ရောင်းချ ဖြန့်ဝေခဲ့ကြသည်။
          ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ရုံတင်ဝင်ငွေမှ ကျပ်ငါးသောင်းတိတိအား အာဇာနည်ဗိမာန် တည်ဆောက်ေ၇းရန်ပုံငွေသို့ ထည့်ဝင်လှုဒါန်းခဲ့သည်။ 
          ဂီတပညာရှင်များကလည်း ဇာတ်ဝင်တေးသီချင်းများ ပုံနှိပ်ရောင်းရငွေအားလုံးနှင့် တီးခတ်သီဆိုမှုအတွက် ရရှိသည့် လုပ်အားခများအားလုံးကို အာဇာနည်ဗိမ္မာန်တည်ဆောက်ေ၇း ရန်ပုံငွေသို့ ထည့်ဝင်လှုဒါနုးခဲ့ကြသည်။``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ကိုပြည်သူတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် ယုံကြည်လေးစား ကြည်ညိုရင်းစွဲဖြင့် တခဲနက် ကြေကွဲစွာ အားပေးကြ၍ ရက်၇ှည်ရုံတင်ပြသခဲ့ကြရသည်။ အမျိုးသားရေး နှင့် နယ်ချဲ့ဆန့်ကျင် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဝိုင်အမ်ဘီအေ အသင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာပန သတင်းကားဖြင့် စတင်ထွန်းကားခဲ့သော မြန်မာ့ရုပ်ရှင်၏ အစဉ်အလာကို မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးကြီး က ဆက်လက်ထိမ်းသိမ်းကာ လွတ်လပ်ရေးကြိုးပမ်းမှု တွင် အသက်ပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုမော်ကွန်းတင်သည့် ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ကို အောင်မြင်စွာ ရိုက်ကူးရုံတင်နိုင်ခဲ့ပါသည်။
ကေမြူး
(ကိုးကား)
စစ်ကိုင်းလှရွှေ၏ ရုပ်ရှင် ဂီတနှင့် ကျွန်တော့စာအုပ်
ဦးမောင်မောင်(မြန်မာ့ရုပ်ရှင်)၏ ပထမအကြိမ်ရုပ်ရှင်နှီးနှောဖလှယ်ပွဲ(၁၉၆၈)သို့တင်သွင်းသော မြန်မာ့သမိုင်းစဉ် (အကျဉ်းချုပ်)စာတမ်း
ဖိုးအောင်လေး၏မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း  နှင့်
ကေမြူး၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နှင့် ရုပ်ရှင်အနုပညာရှင်များစာအုပ်     တို့မှ ညှိနိုင်းကိုးကားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ် မော်ကွန်းတင် သတင်းကား

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ်
မော်ကွန်းတင် သတင်းကား
ကေမြူး
          မြန်မာပြည်သူတို့သည်  ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းအား ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်၇ာ ကျောင်းသားများသမဂ္ဂ အမှုဆောင်အတွင်းရေးမှုး နှုင့် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်၇ာနှင့် ကျောင်းသားသမဂ္ဂကထုတ်ဝေ သည့် အိုးဝေမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ရာတို့တွင် ဗြိတိသျှနယ်ချဲ့အား ရဲဝံ့စွာ ဆန့်ကျင်လှုပ်ရှား ခဲ့၍ စတင်သိကြွမ်းဝင်ခဲ့ကြသည်။ 
နောက် ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းအဖြစ် နယ်ချဲ့ဆန့်ကျင်ရေး နှင့် တောင်ပေါ်မြေပြန့် ဒေသဆိုင်ရာ တောင်တန်းဒေသပါ လွတ်လပ်ေ၇းရယူရန် ကြိုးပမ်းမှုတွင် ရွတ်ရွတ်ချွံချွံ ပါဝင်လှုပ်ရှားခဲ့ရာ၌ ပြည်သူများအကြား ဂုဏ်သတင်းပျံ့နှံ့ထင်ရှားခဲ့ သည်။ ဒို့ဗမာ အစည်းအရုံး၏ အထွေထွေအတွင်းရေးမှုးတာဝန်ယူထားစဉ် လွတ်လပ်ရေးကြိုးပမ်းမှုတွင် နိုင်ငံရေးအရရော စစ်ရေးအရပါ တိုက်ပွဲဝင်ရန်ရည်ရွယ်၍ ၁၉၃၉ -ခုနှစ်တွင် ဖွဲ့စည်းသော ဗမာ့ထွက်ရပ်ဂိုဏ်း၏ အထွေထွေအတွင်းရေးမှုးနှင့် ပြည်သူ့အရေးတော်ပုံပါတီ၏ ဗဟိုလ်အဖွဲ့ ပြည်ပရေးရာ ခေါင်းဆောင်တာဝန် ထမ်းဆောင် မှု ဂျပန်နိုင်ငံသို့ ရဲဘော်သုံးကျိပ်အား လျှို့ဝှက်ခေါင်းဆောင်သွားရောက်၍ စစ်ပညာ သင်ကြားမှု ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးဆောင်ဖွဲ့စည်း၍ ၁၉၄၂ -ခုနှစ်ဆန်းတွင် ဂျပန်တပ်မတော် စစ်ကြောင်းများနှင့်အတူ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များအား တိုက်ထုတ်မှု ၊ ဗြိတိသျှတပ်များ ဆုတ်ခွာသွားပြီး ဂျပန်စိုးမိုးသောကာလ ၁၉၄၂-၁၉၄၅ တွင် ဖက်ဆစ်စနစ်၏ ကြမ်းကြုတ်မှုကို မခံရပ်နိုင်သဖြင့် ပြည်သူနှင့် တပ်မတော်ကို ဦးဆောင်၍ မဟာမိတ်တပ်များနှင့်အတူ ဂျပန်တို့အား တော်လှန်တိုက်ခိုက်မှုနှင့် ဂျပန်တပ်များ ဆုတ်ခွာပြီးနောက် ဗြိတိသျှတပ်များ ပြန်လည်ဝင်ရောက်လျှင် ဖက်ဆစ်တော်လှန်ရေးတွင် သန္ဓေတည်ဖွဲ့စည်းခဲ့ သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဖ-ဆ-ပ-လ အား တိုင်းရင်းသားပေါင်းစုံ ၊ လူတန်းစား စုံနှင့် ပါတီအသင်းအဖွဲ့စုံပါဝင်အောင် စည်းရုံးဖွဲ့စည်းလျှက် ဗြိတိသျှအစိုးရသို့ လွတ်လပ်ရေး အမြန်ဆုံးပေးရန် တောင်းဆိုမှုတို့လုပ်ဆောင်လျှင်  မြန်မာပြည်သူတရပ်လုံးက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ယုံကြည်လေးစားချစ်ခင်ခဲ့ကြသည်။
          ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည်  ဖ-ဆ-ပ-လ ခေါင်းဆောင်အဖြစ်ဖြင့် ဗြိတိသျှအစိုးရနှင့် စေ့စပ်ညှိနှိုင်း၍ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇- ရက်တွင် သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့လူဝီ မောင့်ဘတ်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဗမာ့တပ်မတော်ဖွဲ့စည်းရေး ဆိုင်ရာ စာချုပ် ကန္ဒီစာချုပ်   ချုပ်ဆိုခြင်း။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ဘုရင်ခံ၏ အမှုကောင်စီ အမျိုးသားယာယီ အစိုးရအဖွဲ့ ၌ ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်သည့် ဘုရင်ခွံ၏ အမှုဆောင်ကောင်စီ (အမျိုးသားယာယီအစိုးရအဖွဲ့) ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် အခြားအဖွဲ့ ပါတီကိုယ်စားလှယ် ၁၁ဦး ပါဝင်တာဝန်ထမ်းဆောင်ခွင့်ရခြင်း ၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် မြန်မာ့လွတ်လပ်ရေး အမြန်ရရေးအတွက် အခြေခံလိုအပ်ချက်များကို ဖော်ညွှန်းသည့် စာချုပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဗြိတိသျှ ဝန်ကြီးချုပ် မစ္စတာ အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်း တို့လက်မှတ်ထိုးခြင်း (အောင်ဆန်း အတ်တလီစာချုပ်) ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မြေပြန့်နှင့်တောင်တန်းဒေသ အားလုံး လွတ်လပ်ရေး တစ်ပေါင်းတည်း ရယူမည်ကို ဖော်ညွှန်းသည့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦး တို့လက်မှတ်ရေးထိုးခြင်း၊ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြု ပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ချုပ်မှ  ၉၅.၃ % ဖြင့် မဲအပြတ် အနိုင်ရခြင်း ၊ ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ကျင်းပသည့် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်၌ ဗိုလ်ချုပ်အောင်ဆန်းအဆိုပြုသည့် အခြေခံဥပဒေဆိုင်ရာ လမ်းညွှန်ချက်ကို အတည်ပြု၍ အခြေခံဥပဒေရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းခြင်း ၊ ၁၉၄၇ ခုနှစ် ဇွန်လ အတွင်းတွင် တိုင်းပြု ပြည်ပြု လွှတ်တော် ဥက္ကဋ္ဌ ဦးနု အဖွဲ့ နှင့် ဗြိတိသျှကိုယ်စားလှယ် အဖွဲ့သည် အာဏာလက်ခံလွှဲပြောင်းရေး အတွက် ဆွေးနွေးခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ပြည်သူလူထုတစ်ရပ်လုံး၏လေးစား ချစ်ခင်ယုံကြည် မှုကို အပြည့်အဝရရှိခဲ့သည်။ ထိုသို့ ပြည်သူလူထုတစ်ရပ်လုံး၏ လေးစားကြည်ညိုချစ်ခင်မှုကို အပြည့်အဝရယူ ထားချိန် ၁၉၄၇ ခု ဇူလိုင်လ  ၁၉ ရက်နေ့တွင် မသမာသူတို့၏ လုပ်ကြံမှုဖြင့် ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ဝင်ဝန်ကြီး များဖြစ်သော သခင်မြ ၊ ဒီးဒုတ်ဦးဘချို၊စဝ်စံထွန်း ၊ ဦးဘဝင်း ၊ ဦးရာဇာတ် ၊ မန်းဘခိုင် နှင့် အတွင်းဝန် ဦးအုန်းမောင် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ကြရသည်။ မြန်မာပြည်သူတရပ်လုံးသည် ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံးမှုအတွက် ကြီးမားစွာ ဝမ်းနည်းခဲ့ကြရသည်။
          မြန်မာ့ရုပ်ရှင်သည် ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ရုံတင်သည့် အမျိုးသားေ၇းနှင့် နယ်ချဲ့ဆန့်ကျင် ရေးတွင် ဦးဆောင်မှုပေးခဲ့သော ဝိုင်အမ်မ်ဘီအေ အသင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာမန သတင်းကားဖြင့် စတင်ထွန်းကား ခဲ့သည်။ မြန်မာ့ ရုပ်ရှင် ပညာရှင်တို့သည် ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးသမား ဗိုလ်စံဖဲ၏ တရားစွဲဆိုခံရပုံမြင်ကွင်း ၊ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံ၏ ပြစ်ဒဏ်စီရင်ခံရပုံမြင်ကွင်း ၁၃၀၀ ပြည့်အရေးတော်ပုံတွင် ချောက်ရေနံမြေမှ ရန်ကုန်မြို့သို့ အလုပ်သမားများ ချီတတ်ပုံ နှင့် အတွင်းဝန်ရုံးအား ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဝိုင်းဝန်းပုံ မြင်ကွင်းများ ရွှေတောင် တိုက်ပွဲနယ် ဗြိတိသျှတပ်များအား မြန်မာပြည်သူများ နှင့် လွတ်လပ်ရေး တပ်မတော် တိုက်ပွဲဝင်ကြပုံ မြင်ကွင်းများ ၊ ဗြိတိသျှတပ်များ ထွက်ခွာ၍ ဗမာ့လွတ်လပ်ရေးတပ်မတော် ရန်ကုန်မြို့အတွင်း ဝင်ရောက်ချီတတ်လာပုံ စစ်ရေးပြပုံ ၊ တပ်အား ဗိုလ်ချုပ်အောင်ဆန်းစစ်ဆေးပုံမြင်ကွင်း များ၊ ဂျပန်စိုးမိုးသော ကာလတွင် တိုကျိုမြို့၌ ဂျပန်အစိုးရက အဓိပတိ ဒေါက်တာဘမော်နှင့် ဗိုလ်ချုပ်အောင်ဆန်း စသည့်ဝန်ကြီးများအား သူရဲကောင်းနေမျိုးနွယ်ဘွဲ့နှင့် ရွှေစလွယ်ချီးမြင့်ပုံ၊ အပြန်ခရီးတွင် ပြည်သူတို့ ကြိုဆိုကြပုံ နှင့် ဒေါက်တာဘမော်အစိုးရအဖွဲ့ ဆောင်ရွက်ပုံ မြင်ကွင်းများ ၊ စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲ တွင် ဂျပန် တပ်များအား မြန်မာပြည်သူများနှင့် ဗမာ့တပ်မတော် တော်လှန်တိုက်ပွဲဝင်ကြပုံ မြင်ကွင်းများ၊ မြန်မာ့ ရုပ်ရှင် ငွေရတုသဘင်နှင့် မြန်မာနိုင်ငံ စက်မှုလက်မှု ပြပွဲသို့ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ် ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒီးဒုတ်ဦးဘချိုတို့ တတ်ရောက်ချီးမြင့်ပုံနှင့် အခမ်းအနားမြင်ကွင်းများ ၊လွတ်လပ်ရေး ကြိုးပမ်းမှုအောင်မြင် ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ အဖွဲ့ချုပ်ခေါင်းဆောင်များ မြန်မာနိုင်ငံတဝန်း စည်းရုံးရေး ဆင်းစဉ် မြင်ကွင်းများ နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံညီလာခံ တတ်ရောက် ဆွေးနွေးညှိနှိုင်းကြပုံနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးကြပုံမြင်ကွင်းများ စသည့်အထင်ကရ အဖြစ်အပျက်များကို  အစဉ်အလာမပျက် မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
          ထို့အပြင် အမျိုးသားရေး ၊နယ်ချဲ့ဆန့်ကျင်ရေး ၊ ဖက်ဆစ်တော်လှန်ရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး ၊ လွတ်လပ်ရေး ကြိုးပမ်းမှုတို့ကို ရည်ရွယ်လှုံ့ဆော်သည့် ဇာတ်လမ်းရုပ်ရှင် များစွာကိုလည်း အခါအားေ လျာ်စွာ ဖန်တီးရိုက်ကူး ခဲ့ကြသည်။
          ထိုရုပ်ရှင်ကားများတွင် ဗြိတိသျှဘားမား ရုပ်ရှင် မှ ဇာတ်လမ်း ဇာတ်ညွှန်း ကိုနုနှင့် ဒါရိုက်တာ ဦးဘဇင် တို့ညွှန်ကြား၍ တင်ဆွေ မေမေဝင်းနှင့် လှမောင်ကြီးတို့ ဦးဆောင်လျှက် ဇာတ်ဝင်ခန်းအချို့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများဖြစ်သော ကိုနု ၊ ကိုနု ၊ ကိုရာရှစ် ၊ ကိုထွန်းအုံနှင့် ကိုအောင်ဆန်းတို့ သရုပ်ဆောင်ပြီး အမျိုးသားတက္ကသိုလ်ပေါ်ထွန်းရေး လှုံ့ဆော်သည့် ဘွိုင်းကော့တာ လည်းပါဝင်ခဲ့သည်။
          ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ရုပ်အလောင်းများ ထားရှိရာ ဆေးရုံနှင့် နေအိမ်များမှ တဆင့် ဇူလိုင်လ ၂၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ဂျူဗလီဟောသို့ ရွေ့ပြောင်း ပို့ဆောင်ထားခဲ့သည်။ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့၏ ရုပ်အလောင်းများကို ဇူလိုင်လ ၂၀ ရက် ညနေ ၄ နာရီခွဲတွင် တာမွေ ၊ ကင်းဘဲလ်လမ်း မဟာမေဒင် သုဿန်၌ ဓလေ့ထုံးစံနှင့် အညီ သဂြိုလ် ခဲ့ကြပြီး ကျန်အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ရွှေတိဂုံစေတီ မြောက်ဘက်ရှိ အာဇာနည်ဗိမာန် ၌ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနှင့် အညီ သဂြိုလ် ခဲ့ကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးသည် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်အလောင်းများကို ဂျူဗလီခန်းမသို့ ပြောင်းရွေ့ ပို့ဆောင်ပုံ၊ ဂျူဗလီ ခန်းမအတွင်း၌ ပြည်သူများ ဂါရဝပြုရန် ပြင်ဆင်ထားပုံ၊ ပြည်သူများ ပါတီနှင့် အသင်းအဖွဲ့များ နိုင်ငံခြား သံတမန် များ လာရောက် ဂါရဝပြုကြပုံ ဓလေ့ထုံးစံ များနှင့်အညီ ပို့ဆောင် သဂြိုလ်ကြပုံတို့ကို မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
          ထို့နောက် ဗြိတိသျှ ဘားမားရုပ်ရှင် အေဝမ်းဖလင်နှင့် ပဲရစ် ရုပ်ရှင် စသည့် ရုပ်ရှင် ကုမ္ပဏီများမှ ရိုက်ကူးထိမ်းသိမ်းထားသည့် ဗြိတိသျှ နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနှင့် လွပ်လပ်ရေး ကြိုးပမ်းမှု ကာလတို့မှ မှတ်တမ်းတင် ရုပ်ရှင်ကားများ နှင့် ဘွိုင်းကော့တာ ရုပ်ရှင်ကားတို့မှ သင့်လျော်ရာ ပြကွက်များနှင့် ဆက်စပ် တည်းဖြတ်ပြီး ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးလမ်းစဉ် မော်ကွန်းတင် သတင်းကား``ကို ရုံတင်ရန် ထုတ်လုပ်နိုင်ခဲ့ရာ ကားပိုင်း ၇ ပိုင်း ၊ ပေ၇၀၀၀ ခန့် ရှည်လျားသည်။
          1947 ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့နယ် သွင်ရုံ ၊ လမ်းမတော် ကိုဋ္ဌေးရုံ ၊ ဗဟန်း ကန်တော်ကြီး ရန်ကုန်ရုံနှင့် ကြည့်မြင်တိုင်        ရွှေတိုင်သီရိရုံတို့တွင် နေ့စဉ်နေ့တိုင်း ၅ ပွဲနှုံးဖြင့်ပြသခဲ့သည်။ မြန်မာနိုင်ငံ တူရိယာပညာရှင်များ အဖွဲ့ချုပ်က ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးမော်ကွန်းတင် သတင်းကား`` ပြသသည့် ရုံတိုင်း၌ နောက်ခံတေးဂီတ တီးခတ်သီဆိုရန် ဂီတပညာရှင်များ စီစဉ်ပေးခဲ့သည်။ သွင်ရုံတွင် စန္ဒားစက်ဆန်း ကိုမြမောင်အဖွဲ့နှင့် အဆိုတော် ဥသြဘသောင်း ၊ ဟင်္သာကြည်နှင့် မနုတို့က ၎င်း၊ ကာဋ္ဌေးရုံတွင် စန္ဒား ကိုသောင်း (ဆိုင်းဆရာ ဗိုလ်ကေသောင်းအဖွဲ့) နှင့် အဆိုတော် သထုံဘသိန်း ၊ စိန်ပါတီတို့က ၎င်း၊ ရန်ကုန်ရုံတွင် စန္ဒယား အေဝမ်းခင်မောင် အဖွဲ့နှင့် အဆိုတော် ပြည်ဘရှင်၊ ရွှေမြိုင်ကြည် တို့က၎င်း၊ ရွှေတိုင်သီရိရုံတွင် စန္ဒယား စစ်ကိုင်းလှရွှေအဖွဲ့နှင့် အဆိုတော် ကိုသန်းတင်၊ လွတ်လပ်ရေးအောင်သန်းတင် တို့က၎င်း၊ တီးခတ်သီဆိုခဲ့ကြသည်။ 
          နောက်ခံဇာတ်ဝင်တေးသီချင်းများကို သဟာယ ဆရာတင် ၊ (မမေ့နိုင် ၊ ကမ္ဘာ့စံပြ နှင့် လွမ်းမပြေတဲ့စနေ၊ ) ရန်နိုင်စိန်(လူထုတိုက်ပွဲ) ၊ စိန်ဝေလျံ(တစ်ဗိုလ်ကျ တစ်ဗိုလ်တတ်)၊ တက္ကသိုလ်စိုး(ပြည်သူ့မျက်ရည်)၊ ရွှေပြည်အေး(ပြည်သူ့ရင်သွေး)၊ နှင့် ကက်နက်စိန်(အထွဋ်အမြတ်သွေးငိုချင်း)၊ တို့က ရေးစပ်သီကုံးပေးကြသည်။ ဇာတ်ဝင်တေးသီချင်းများကို ပုံနှိပ်ရောင်းချ ဖြန့်ဝေခဲ့ကြသည်။
          ရုပ်ရှင်နှင့် ပြဇာတ်အစည်းအရုံးမှ ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ရုံတင်ဝင်ငွေမှ ကျပ်ငါးသောင်းတိတိအား အာဇာနည်ဗိမာန် တည်ဆောက်ေ၇းရန်ပုံငွေသို့ ထည့်ဝင်လှုဒါန်းခဲ့သည်။ 
          ဂီတပညာရှင်များကလည်း ဇာတ်ဝင်တေးသီချင်းများ ပုံနှိပ်ရောင်းရငွေအားလုံးနှင့် တီးခတ်သီဆိုမှုအတွက် ရရှိသည့် လုပ်အားခများအားလုံးကို အာဇာနည်ဗိမ္မာန်တည်ဆောက်ေ၇း ရန်ပုံငွေသို့ ထည့်ဝင်လှုဒါနုးခဲ့ကြသည်။``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ကိုပြည်သူတို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအပေါ် ယုံကြည်လေးစား ကြည်ညိုရင်းစွဲဖြင့် တခဲနက် ကြေကွဲစွာ အားပေးကြ၍ ရက်၇ှည်ရုံတင်ပြသခဲ့ကြရသည်။ အမျိုးသားရေး နှင့် နယ်ချဲ့ဆန့်ကျင် လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဝိုင်အမ်ဘီအေ အသင်းကြီး၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာပန သတင်းကားဖြင့် စတင်ထွန်းကားခဲ့သော မြန်မာ့ရုပ်ရှင်၏ အစဉ်အလာကို မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ပြဇာတ်အစည်းအရုံးကြီး က ဆက်လက်ထိမ်းသိမ်းကာ လွတ်လပ်ရေးကြိုးပမ်းမှု တွင် အသက်ပေးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုမော်ကွန်းတင်သည့် ``ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ေ၇းလမ်းစဉ် မော်ကွန်းတင် သတင်းကား`` ကို အောင်မြင်စွာ ရိုက်ကူးရုံတင်နိုင်ခဲ့ပါသည်။
ကေမြူး
(ကိုးကား)
စစ်ကိုင်းလှရွှေ၏ ရုပ်ရှင် ဂီတနှင့် ကျွန်တော့စာအုပ်
ဦးမောင်မောင်(မြန်မာ့ရုပ်ရှင်)၏ ပထမအကြိမ်ရုပ်ရှင်နှီးနှောဖလှယ်ပွဲ(၁၉၆၈)သို့တင်သွင်းသော မြန်မာ့သမိုင်းစဉ် (အကျဉ်းချုပ်)စာတမ်း
ဖိုးအောင်လေး၏မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း  နှင့်
ကေမြူး၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု နှင့် ရုပ်ရှင်အနုပညာရှင်များစာအုပ်     တို့မှ ညှိနိုင်းကိုးကားသည်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
အခန်း(၁)
ဇာတိ
          မြေလတ်ဟုခေါ်သော မြန်မာပြည်၏ အပူပိုင်းဇုံဖြစ်သော မကွေးစီရင်စု ယခု ရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့်တွင် အပူပိုင်းဇုံ ကုန်းမြေပြင်များဖြစ်သော နှမ်း၊ ပဲနှင့် ၎င်းဆီများထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေး တစ်မြို့ရှိလေသည်။
          မီးရထားဘူတာရုံအနီးအနားတွင် မီးရထားဘက်မှ တည်ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစား ကုန်သည်ဆိုင်များ အနည်းငယ်ရှိလေသည်။ ဘူတာ၏ ဝဲယာ ပါတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ ရှိကြလေသည်။ ထိုယာခင်းများက ကျော်လွန်၍ အရှေ့စူးစူးသို့ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်းထိုင်သူတို့၏ ဂူလှိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက်ယွန်း ကိုက်လေးရာခန့်ပေါ်၌ ခပေါင်းကုန်း သို့မဟုတ် န-ကျားကူး ခေါ် အိမ်ခြေတစ်ရာခန့်ရှိ ရွာကလေးရှိလေသည်။ ယင်းချောင်းဟု ခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း အနောက်ဖက်ကမ်း၌ ကား ယာခင်း လယ်ကွင်းပြင်များ နှင့် ဥယဉ်အချို့ကို တွေ့ရလေသည်။ ထိုမှလွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ ၂၀၀ ခန့်ရှိ ရွာတစ်ရွာရှိလေသည်။
          ရွာ၏ မြောက်ဘက်တွင် ကပ်လျှက် (ရှေးလူကြီးများပြောသလို) လောကဓါတ် မြန်မာအထက်တန်းသင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိလေသည်။ ထိုမှ ယာခင်းအလွန်တွင် ၅ရက်တစ်ဈေးဖွင့်ရာဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ်တန်းလျားများ ရှိလေသည်။ ထိုအနီးတွင် စာတိုက်ရှိလေသည်။ ထိုစာတိုက်နှင့် အနောက်မြောက်စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ ၁၅၀ ခန့်ရွာတစ်ရွာ ရှိပြန်လေသည်။ စာတိုက်၏ ရှေ့တည့်တည့် ပေတစ်ရာနှင့် မြေတလင်းပြောင်ပြောင်ကို ကျော်လွန်၍ (မှတ်ချက်=ပေတစ်ရာဆိုသည်မှာ ကားလမ်းကိုဆိုလိုခြင်းဖြစ်သည်--ကိုစိုးနိုင်) ကိုက် ၁၀၀ ခန့်အကွာတွင် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ကပ်၍ မြို့အုပ်ရှိသည်။ ထိုဘုန်းကြီးကျောင်းနှင့် ဆက်၍ ထောင့်မှန် Right angle ကျကာ ၁၅ ပေမြင့်သော အုတ်တံတိုင်းကြီး လေးဘက်လေးတန် ခြံရံလျှက် စေတီငယ်များအလယ်တွင် ရွှေပြောင်ပြောင်တောက်နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ယပ်ခန့်ညားသော ဇရပ်၊ တန်းဆောင်း ၊ကျောင်းကုန်း များရှိလေသည်။ ထိုမှမြောက်ဘက် မလှမ်းမကမ်းတွင်ကား အိမ်ခြေ ၁၀၀ ကျော်ရွာတစ်ရွာ ရှိပြန်လေသည်။ ထိုရွာများအနက် ရွာကြီးသဖွယ် အိမ်ပေါင်း အများဆုံးနှင့် ဆိုင် ၊ ကန္နားအတော်အတန်ရှိ၍ စာရေး ၊ စာချီ၊ မြို့အုပ် ၊ရှေ့နေ ၊ကုန်သည်များနေကြသောရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင်တည်လျှက်ရှိသော ရွာပင်ဖြစ်လေသည်။ ထိုရွာကို နတ်မောက်ဟူ၍ ၎င်း ၊ တောင်ရွာ ဟူ၍၎င်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်း စာအရကား ပီဠိယက္ခမင်း တည်ထောင်သွားသည်ဟု ဆိုလေသည်။
          သို့သော် ကျွန်တော်၏ ဘေး မှတ်တမ်းအရကား ပုဂံခောတ် အနော်ရထာမင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲ့သည်ဟု မှတ်သားဘူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း ၌ တစ်ရွာလုံးရှိအိမ်ဝိုင်းများအနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမအိမ်ကြီးတစ်လုံးရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့်ဝင်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာ ရှိသော်လည်း ထိုအခါက အတောင်ရှစ်တောင်သာ ရှိတော့ သည်။ အိမ်အမြင့်မှာလည်း ၃ပေ ခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်းများလက်ထက်က နတ်မောက်မြို့ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။
          ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ်နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို ဖွားမြင်ခဲ့စဉ်အချိန်က ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်းမပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီး တစ်ရွာ မျှသာဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံတဒေါင်ဒေါင် နေ့လည်နေ့ခင်းများတွင် ယက်ကန်းသံ တချွင်ချွင်ဖြင့် ကြားရတုန်းပင်ဖြစ်လေသည်။
          အချိန်ကား  ၁၉၁၅ခု ဖေဖော်ဝါရီလဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲတွင် ဖြစ်လေသည်။ ထိုအချိန် ထိုအခါကား ဂျာမဏီသည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေး နေသည့်အချိန်အခါဖြစ်သည်။ အနောက်စစ်မျက်နှာပြင်ဟု ခေါ်သော ပြင်သစ်နှင့် ဂျာမဏီတို့စစ်ခင်းရာ မျက်နှာ ၌ကား ပထမအကြီမ်တိုက်ပွဲကြီးများမှာ မပြီးဆုံးနိုင်သော သောင်မတင်ရေမကျေ၇ှ့မတိုး နောက်မဆုတ် အခြေအနေပင်ရှိလေသည်။ အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူရီယာနှင့် ဝါဇနစ်ဆူ စစ်ပွဲကြီးများ ဖြစ်ပွားလျှက်ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီလ ၁၃ရက် ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် စနေနေ့ နံနက်လင်းအားကြီးတချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံးရောက်ရှိခဲ့ရပေသည်။
          ဖေဖော်ဝါရီလ ၁၃ ရက်ကား နာမည်ကျော်နခတ်ဗေဒင်ဆရာကြီး ကီရို၏ပြောကြားချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏ အစိုးရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများကို မွေးဖွားတတ်သောဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးဖွားသောကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်း စဉ်းစားခြင်းမပြုခဲ့ကြချေ။
          ကျွန်တော်မွေးဖွားသည်နှင့် ပါတ်သတ်၍ ကျွန်တော်၏ ဇာတာအမည်မှာ ထိန်လင်းဖြစ်လေသည်။ သို့သော် ကျွန်တော့အထက် အကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု ခေါ်တွင်ခဲ့လေသည်။
          မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သည့် ကလေးဘဝမှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ခွကျခဲ့သူဖြစ်ခဲ့သည်။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နှင့် စကား မပြောတတ်ခဲ့ရကား လူကြီးမိဘများက ဆွံ့အ၍ပင် နေသည်လားဟု စိုးရိမ်ကြောင့်ကြခဲ့ကြရသည်ဟု သိရသည်။ အနာအဖျားထူသည်။ အစားကျူးသည်။ အမဲ ၊ သား၊ ငါး အလွန်ကြိုက်သည်။ ကျွန်တော်၏ မိခင်ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို လု၍ စားမည်ဟု ကျွန်တော့်မိခင်က ပြန်၍ပြောပြသဖြင့် သိခဲ့ရသည်။ လူရိုင်းဘဝက ကျွန်တော်လာသလားမသိ။ ယနေ့အထိလူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများရှိနေသည်။ ရံဖန်ရံခါ လူယဉ်ကျေးများဖြင့် အသားမကျခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ်လာသည်။ ထိုအခါ လူယဉ်ကျေးများနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့် စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျမ်းမာ၏။ သန်စွမ်း၏။ ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက်ဆိုသည်ကိုကျွန်တော်ကြိုက်၏။ ကျွန်တော်၏စိတ်တွင်အင်မတန် စိုပြည်လတ်ဆတ်သောဘဝဟု ကျွန်တော်ယူဆသည်။ ဗမာပြည်ရှိလူသည် လူရိုင်းဘဝသို့ရောက်ချင် ရောက်သွား ပါစေ လွတ်လပ်ချမ်းသာစွာခေါင်းဆောင် နေနိုင်ပြီဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘဝထက် ကျွန်တော်အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ စိန်းလမ်းစိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူထူးအော်ဟစ်နေလိုသည်။
          ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ် ၊ အကအခုန် တော်တော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီးအတော်ဝါသနာပါသည်။ စားပွဲဖြစ်စေ ခေါက်စရာရှိလျှင် အမြဲခေါက်လျှက်ရှိရာ ကျွန်တော်၏ လက်မှာ ယနေ့တိုင် အချိန်မှန် မှန် လက်ရေ ကွာကျခဲ့လေသည်။ သို့သော် ကျွန်တော် အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီအမှုတ်ဝါသနာကို ခွင့်မပြု။ နဂိုဝါသနာ မဟုတ်၍ပဲလားမသိ ယခု ဤစိတ်မျိုး ပျောက်ပြယ်သလောက်ရှိခဲ့ပြီ။ ကျွန်တော်ကား ငယ်ငယ်ကတည်းက ယနေ့တိုင် လူရော စိတ်ရောပျော့ပြောင်းသည်ဆိုသည့်အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်းမကြိုးစားချင်။ ကျွန်တော်ကား စကားအပြောအဆို မဖွယ်ရာ မယဉ်ကျေး။ အသက် ၈ နှစ်ထဲရောက်၍ ကျောင်းနေသည့်အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမှုအရာလည်း ကြမ်း၏။ အလိုက်လည်းမသိ ။ ညစ်လည်းညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍ လည်း တစ်ခုမှမရှိ။ အသက်လေးငါးခြောက်နှစ် တိုင်အောင် အိပ်ယာတွင် သေးပါ၏။ မီဖိုကို ညည ရှိခိုး၍ ``အရှင်စဖို ည-- ကျွန်တော်နေ့`` ဆိုခဲ့ရသည်ကို အမှတ်ရသေးသည်။ အသက် ၁၅ နှစ်ထဲသို့ ရောက်သည့်အချိန်၌ပင် အခြားအရပ် အိမ်တစ်အိမ် တစ်ည သေးပါဘူးသည်။ ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့ အမျိုးသား အထက်ကျောင်းမှ ခြောက်တန်းအောင်၍ ခုနှစ် တန်းအဝင် ကျောင်းအပြန်ဖြစ်သည်။ ကျွန်တော်၏ အကို အကြီးဆုံးမှာလည်း ၎င်းနှစ်တွင် ဘီအက်စ်စီ သင်္ချာဂုဏ်ထူးတန်းကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ကျောင်း တွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ဆရာဝင်ရောက် လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပင် လိုက်ပါလာလေသည်။ ထိုအခါ ရေနံချောင်းမှနေ၍ နတ်မောက်သို့သွားသည့် နည်းမှာ တောင်တွင်းကြီးသို့ရထားစီး၊ တောင်တွင်းကြီးမှ မိကျောင်းရဲသို့ကားစီး၊ မိကျောင်းရဲမှရေနံချောင်းသို့ သင်္ဘောစီး သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်ကားစီး မကွေးမှသဘောင်္စီးရလေသည်။ နှစ်ရက်ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်းမှတဆင့် မီးရထားတတန် မော်တော်ကားတတန်သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက်လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှတဆင့် သွားကြလေသည်။ မကွေးမြို့တွင် အပျိုပေါက်စ မိန်းကလေး ချောချောရှိသော အသိအိမ်တွင်တည်းခိုကြလေသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတရံအိမ်တွင်မနေတတ်။ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင် ရှက်တတ်သည်။ ထို့ကြောင့် ထိုည တွင် ညအိပ်ခါနီး  ရှက်လွန်းသဖြင့်သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ပဲ သေးပါလေသည်။ ကျွန်တော်လည်း ပါပြီးမှသိလေသည်။ ဤမျှမထိ ကျွန်တော်သည် မသိမ်မွေ့။
          ညီအကို မောင်နှမထဲတွင် ကျွန်တော်အငယ်ဆုံးဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့အိမ် စံချိန်ဖြင့်ကြည့် လျှင် ကျွန်တော် အလိုလိုက်ခံရဆုံးဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းများသာမက ရွာနားနီးချင်းများကပါ အသိအမှတ်ပြုခွံရ၏။
          ကျွန်တော်၏ အထက်အကို  ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက် ၃ နှစ်ခွဲ လေးနှစ်မျှ ကွာ၏။ သူနှင့် ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်ခဲ့၏။ သူကနု၏။ မင်းသားကျချင်၏။ ကျွန်တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား။ စားသည့်အခါ အစာမြေကြီးပေါ်သို့ကျသွား လျှင် သူသည် မစားတော့။ ကျွန်တော်က ဖုတ်ဖက်ခါ၍စားလို့ရလျှင်စား၏။ သူက အဝတ်အစားများကို သပ်သပ် ရပ်ရပ်ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများအပေါ်တွင် ဘယ်သောအခါမှ တုံးလုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာလှဲဖူး၏။ သူကပါး၏။ လျှင်၏။ ကျွန်တော်က ထူ၏။ အေး၏။
          ကျွန်တော်၏မြို့ကား ရွာသာသာ တောအရပ်ပင်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖားခေါ် ဆံပင်ညှပ်ကုလား တစ်ယောက်တလေသာရှိ၏။ သို့ဖြစ်ရာ ၎င်းကလီဖားမှာလက်မလည်။ ကျွန်တော်တို့အား ကတုံးရိပ်ရန် ၊တစ်ခါတစ်ခါ ရိပ်တတ်သည့် အိမ်နီးချင်းတို့ကို ရိတ်ခိုင်းရလေသည်။ တစ်ခါတစ်ခါ ကျွန်တော်တို့အဖေ ကိုယ်တိုင်ရိပ်ပေးသည်။
          ကျွန်တော်၏ဖခင်မှာ ယခုကွယ်လွန်သည်မှာ ၁၅ နှစ်ကျော်လေပြီ။ ကျွန်တော်၏ဖခင်သည် ကျွန်တော်နှင့် အမူအရာ တော်တော်ဆင်လေသည်။ တစ်နေ့နေ၍ စကားတစ်ခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်းရှိ၏။ လောကွတ်မရှိ။ ဟန်မရှိ။ ဘာသိဘာသာနေတတ်၏။ အကိုင်အတွယ် အသွားအလာ အမူအရာ ကြမ်းတမ်း၏။ ငြင်းမိလျှင်လျော့မပေးတတ်။ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထို့ကြောင့် ရှေ့နေစာမေးပွဲဝင်ထားသော်လည်း ရှေ့နေလိုက်စား သည်ကို ကျွန်တော်မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေးစား ခြင်းဖြစ်သာ စီးပွားဖြစ်သည်။ စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့ မိခင်၏ ဒိုးတူပေါင်းဖက် ကူညီမှုကြောင့်ပင်ဖြစ်လေသည်။
ကျွန်တော်တို့အား အခြားသူတစ်ဦးဦးက ခေါင်းရိပ်ပေးလျှင် အင်မတန်ညင်သာ၏။ ကျွန်တော်တို့ ဖေဖေက ဓါးမထက်တထက်ကို ကောင်းကောင်းမသွေးဘဲ အတင်းတွန်းချ၍ရိပ်၏။ အထူးပင်ခေါင်းရေ နာ၏။ ကျွန်တော်တို့သည် ၎င်းခေါင်းရိပ်မည့်အခါကို ကြောက်၏။ တွန့်၏။ သို့သော်ခေါင်းရိပ်သည့်အခါတိုင်း ကျွန်တော့်အကိုက အမြဲငို၏။ ငိုတိုင်းခေါင်းပုတ်ခံရ၏။ ကျွန်တော်က မငို။ ကျိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ်လွတ်၏။ ကျွန်တော်၏ အကိုကားစိတ်မြန်၏။
          ကျွန်တော်တို့ ညီအကိုလေးယောက် ရှိသည့်အနက် ဒုတိယ အကိုကြီးသာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တစ်သက်လုံး မည်သူနှင့်မျှ ရန်မဖြစ်ဘူး။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အကိုကား သူများအပြောမခံ။ သူကသာ ဦးအောင်ပြောခဲ့၏။ ကျွန်တော်က သူများအပြောသာခံရ၏။ မြှောက်လို့ မြှောက်မှန်းမသိ။ ခြောက်လို့ခြောက်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော ၁၀ မိုင်ခန့်အကွာ ရွာတစ်ရွာသို့ ကျွန်တော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတစ်ယောက်က ကျွန်တော့အား မြှောက်၍ ``ဗိုလ်ကြီး````ဗိုလ်ကြီး`` ဟုခေါ်ရာ ကျွန်တော့်မှာ များစွာ သဘောကျကာ ထန်းညက်ဖြူဆုပ်တွေ ခေါ်တိုင်းပေးခဲ့သည်။
          ကျွန်တော်သည် လိမ်လည်လေ့မရှိ။ လိမ်လိုသော်လည်း မလိမ်တတ်။  ခဏချက်ချင်းပင် ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုဒ်နေ့တိုင်းပိတ်၏။ သို့သော် ယောင်္ကျားကလေးများမှာ ဥပုဒ်နေ့ပင်ဖြစ်သော်လည်း ကျောင်းသို့သွား၍ ရေခပ် မြက်နှုတ်ရလေသည်။ အလုပ်မရှိလျှင်လည်း ကျောင်းမှာပင်နေရလေသည်။ တစ်နေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ ၍ ``အလုပ်မရှိလျှင် အိပ်နေကြ မကစားကြနဲ့``ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးကျောင်းသားများ ``မအိပ်ချင်ဘူးလား``ဟု မေးသည့်အခါ မအိပ်ချင်သော်လည်း ဘုန်းကြီးသဘောကျ ``အိပ်ချင်ပါသည်``ဟု ဖြေကြလေသည်။ ကျွန်တော့်အား ဘုန်းကြီးက ``အောင်ဆန်း ရော မအိပ်ချင်ဘူးလား``ဟု အထူးတလည်မေးရာ ကျွန်တော်က ``မအိပ်ချင်ပါဘုရား``ဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍ နေပေတော့သည်။
          ကျွန်တော်သည် ငယ်စဉ်က ချောင်တစ်ချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်၏။ ကလေးနှင့်မလိုက်။ များသောအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စား များစွာမလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကို နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်သားရိုက်ခြင်းတို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကိုမကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုလျှင် ကျွန်တော်၏ ကလေးဘဝမှာ ချီးမွမ်းစရာအလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင်ချောင်စောင်းကဲ့သို့ အဖုအထစ်အပြစ် အနာဆာများသည်။ စိမ်းလန်းစိုပြည်ညီညာသော မြက်ခင်းသဖွယ် ရှု့ချင်စဖွယ်မဟုတ်ပေ။ အသက် ၁၀ နှစ်ခန့်အထိ အနာရောဂါနှင့် ကင်းသည်ဟူ၍မရှိ။ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ဝဲနာ အကြီးအကျယ် သုံးလကျော်ဖြစ်ဖူး၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါ ကျမ်းကျမ်းမာမာ နေရပါမည်လဲဟု တမ်းတမိ၏။
          ကျွန်တော်သည် ထိုကလေးဘဝကပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်။ (မြန်မာပြည်ကို အင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်း အမျိုးမျိုးကို စဉ်းစားစိတ်ကူးခဲ့လေသည်။ တစ်ခါတရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏)။
          တစ်ခါတရံလည်း ပြဒါးရှင်လုံးစသည်တို့ကို ရှာဖွေလိုသော စိတ်များ ပေါ်ပေါက်၏။ ပြဒါးရှင်လုံး စသော စွမ်းအားဖြင့် မြန်မာပြည်ကို ကယ်တင်လို၏။ ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူ ဟုမဆိုနိုင်။ ငယ်ငယ်က သူရဲ တစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အကိုကား ရန်ခဏခဏ ဖြစ်တတ်၏။ ဦးအောင် ရိုက်နှက်၍ အိမ်ပြေးလာတတ်၏။ သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤသို့ မဖြစ်ဖူး။ ရန်တစ်ခါသာ အကြီးအကျယ် ဖြစ်ဖူး၏။ ထိုအခါ လူချင်းထိုးသတ်ပုတ်စဉ်၌ ကား ကျွန်တော်က နိုင်၏။ လူချင်းဖြန်ဖြေသည့်အခါ  မရှောင်မတိမ်း ထုံပေပေ နေသဖြင့် ခုံဖိနပ်ဖြင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဘက်ကို လိုက်လေရာ ခေါင်းမူး၍ မမီ။ ထိုလိုက်သည့်အချိန်ကား သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်းကြည့်၍ သွေးတွေမြင်သဖြင့် ခေါင်းပေါက်မှန်းသိသောအခါ ကျွန်တော် ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။ ရွယ်တူကလေးချင်းများအပေါ်တွင် တစ်ခါတလေ အနိုင်ကျင့်ချင်သည့် စိတ်ကား ရှိ၏။
          တစ်ခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် ကြက်တောင်ရိုက်ကစားခြင်းမှ  ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသားတစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်သွားသော ကျောင်းသားမိဘများက ဘုန်းကြီးအားလျှောက်ရာ ဘုန်းကြီးက ဤကစားနည်းကို  အားလုံးသောကျောင်းသားများ ကျောင်းဝင်းအတွင်း မှာသော်လည်းကောင်း ၊အပြင်မှာသော်လည်းကောင်း မကစား၇ ဟု ပညတ်လေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအကိုဝမ်းကွဲများက သဘောမကျသဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားလေတော့သည်။ ကျွန်တော်တို့ကစားနေသည်ကို ကျောင်းသား တစ်ဦးနှစ်ဦးက မြင်၍ ဘုန်းကြီးထံ သွားရောက်တိုင်တန်း သောအခါ ဘုန်းကြီးက ကျွန်တော့်မိခင်နှင့် ဦးလေးများကိုပါခေါ်၍ ၎င်းတို့ရှေ့တွင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။ ကျွန်တော်မှာ ပထမ ကျိတ်ခံသော်လည်း နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ပဲ ငိုလေတော့သည်။
          ကျွန်တော်သည် ထိုသို့ သွားရောက်တိုင်တန်းသူကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။
ဤကဲ့သို့ အလုပ်ပို မေတ္တာကို မျက်နှာလို မျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေး တည်းကနေ၍ ယခုတိုင် အထူးစပ်ဆုပ်လှသည်။ ယခုခောတ်သစ်ကျောင်းများတွင် ကျောင်းသားများအား ဤ အကျင့်မျိုးကို အားမပေးဘဲ ဖျောက်ဖျက်စေသင့်လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။
          ကျွန်တော်တို့၏ မိဘကား ပစ္စည်းဥစ္စာ အတော်အတန်ရှိ၍ ကြွေးရှင် မြီရှင် ဖြစ်ရာ ဆင်းရဲသား အများအပြားဖြင့် ဆက်ဆံရလေသည်။ ကျွန်တော်တို့၏ မိခင်မှာ ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။
          သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်းသော အခါ ကျွန်တော် အထူးပင် စိတ်မကောင်းဖြစ်မိ၏။ ထိုအခါ ကျွန်တော်က ငွေတိုးချေးစနစ်၏ ဆိုးရွားပုံကို မျက်ဝါးထင်ထင် တွေ့ခဲ့ရပေသည်။ များသော ဆင်းရဲသားတို့မှာ ကြွေးတစ်ခါယူမိလျှင် ကျေနိုင်စရာ မရှိပေ။
          ဤစနစ်ကို ယခုခောတ်သစ်တွင် အလျှင်အမြန်ပြင်ဆင်သင့်သည်။ ၎င်းအပြင် ယခုလက်ရှိ ဆင်းရဲသား ကြွေးမြီများကို အားလုံးလျော်ပြစ်ရန် သင့်ပေသည်။ ထိုကြွေးများမှ အတိုး၏ အညွန့် အကြွေးများသာ ရှိတော့မည်မှာ ကျွန်တော် ယုံမှားသံသယ မရှိပေ။
          ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်၏ ရှေးအဆက်အနွယ်တို့မှာ ပုဂံပြည် တရုတ်ပြေးမင်းလက်ထက် ဂျင်ဂျစ်ခန်း အမှုးရှိသော တရုတ်တို့ ဝင်ရောက်နှောင့်ယှက်သောအခါ နိုင်ငံခြားသားတို့၏ အောက်မနေလို၍ လွတ်ရာကျွတ်ရာ ယခု ကျွန်တော် မွေးဖွားရာနေရာသို့ စုန်ခဲ့လေသည်ဟု ဦးလေးတစ်ယောက်က ပြောဖူးလေသည်။ အလောင်းဘုရား တတိယ နှိုင်ငံထူထောင်စဉ်ကာလက တိုင်းပြည်မှာ ဖရိုဖရဲဖြစ်၍နေရာ ရွှေဘိုမှ ဦးအောင်ဇေယျက ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီး ဦးမြ (နာမည်ကောင်းကောင်းမမှတ်မိ)ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန်ကြံလေသည်။
          နောက်မှ အလောင်းဘုရား အကြောင်းကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံးအကြောင်း ကြားသိရသည့်အခါ အလောင်းဘုရားထံဝင်ရောက်၍ သက်စွန့်ကြိုးပမ်း အမှုထမ်းလေသည် ဟုလည်း မှတ်သားရဘူးလေသည်။  မင်းတုန်းဘုရင်လက်ထပ်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပေါက်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏ သမားတော်တစ်ဦး (လူအမည်မှာ ဦးကျော်ဇံဖြစ်လေသည်။ ဘွဲ့ကိုကားမသိ) မှာလည်း ကျွန်တော်တို့အမျိုးအနွယ်ပင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆရာကျော့မှာ ဦးအောင်ဇံ၏ မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိမှာ လည်း ကျွန်တော်တို့အမျိုးဟု သိရသည်။ ကျွန်တော်တို့ဘေးမှာ နတ်မောက်မြို့သူကြီး ဖြစ်လေသည်။ စာတတ်သည်။ ဥာဏ်ထက်သည်။ လက်မြောက်သည်။ စိတ်ထက်သည် ဟူ၍လည်း ကြားနာဖူးသည်။ မိမိအထက် မြို့ဝန်နှင့်မတည့်၍ အလုပ်ပြုတ်ဖူးလေသည်။ အလုပ်ပြုတ်သဖြင့် မန္တလေးရွှေမြို့တော်သို့တတ် အရာခံနေဆဲ အနိစ္စရောက်လေသည်ဟု တစ်ခါက ပုရပိုဒ် မှတ်တမ်း တွင်ဖတ်ရ ဖူးသည်။
          (စကားအလျဉ်းသင့်၍ေ၇းရဦးမည်။ ရှေးကလည်း ဒိုင်ရာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။ ဘယ်သွားသည် စသည်ကို မှတ်သားထား ချက်များတွေ့ရလေသည်။)  ကျွန်တော်တို့ဘေးတွင် အကိုကြီးတစ်ယောက်နှင့် ညီနှစ်ယောက်ရှိသည်ဟု သိရသည်။ အကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ်ဖြစ်သည် ဟုသိရသည်။ ညီငယ်တစ်ယောက်မှာ တရုတ်မြို့ဝန် ဦးဘွားဟု သိရ၏။ မြင်ကွန်း မြင်းခွန်တိုင်တို့ ငယ်ဆရာဖြစ်သည်။ ၎င်း မင်းသားများအထတွင် မြင်ကွန်းမင်းသားတို့အတွက် ဓါးပြတိုက် ရှာဖွေပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွား ရာထူးကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့် အမှုမထင်ရှား၍၎င်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သော မင်းလက်ထက် ဖြစ်သော ကြောင့်၎င်း အသက်ချမ်းသာရာရလေသည်။
          နာမည်ကျော် ဦးမင်းရောင် (ဗိုလ်လရောင်)မှာ ကျွန်တော်တို့ဘေးကတော်၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။ ၎င်း၏ တပည့်တစ်ယောက်သည် (နာမည်မမှတ်မိ) ဇာတ်ပွဲများတွင် လူပျက် ပျက်သည့်အခါ အများရယ်သည့်အခါ မရယ်။ အများရယ်ပြီးမှ ကျယ်လောင်စွာ တစ်ယောက်တည်း အကြာကြီး ရယ်တတ်လေသည် ဟုသိရလေသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင်သိ၍ အားရကာ ဆုချလေတော့သည်။ တစ်ခါလည်း ၎င်း၏တပည့်နှင့် ၎င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏ တပည့်တို့သည် ၎င်းတို့၏ ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းအောင်၏ တပည့်ရှုံးသည်။ ညီဖြစ်သူ ဦးမင်းမောင်က ၎င်း၏ တပည့်နိုင်သဖြင့် ပဝါတစ်ပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိတပည့်ကို ရှုံးလျှက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။ တစ်ခါလည်း ကြက်သားစားလို၍ ဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ။ လူပျော့ဖြစ်လေသည်။ စောင်းတီး၊ သီချင်း အဆိုတော်ဖြစ်လေသည်။ စကားပြောချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော် တစ်ဦးဟု သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအားမကျွေး ၊ ပစ်သောဟူ၏။ ဤကား ကျွန်တော်၏ မျိုးနွယ်အကြောင်း သိသမျှပင်တည်း။
          အခန်း(၂)
          ကျောင်းသားဘဝ
          ကျွန်တော်၏ မိခင် ဖခင် နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသောအမျိုး ဖြစ်လေသည်။ ကျွန်တော်၏ဖခင်သည် ရှေ့နေစာမေးပွဲတွင် မြန်မာတစ်ပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ ညီအကို အားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအကိုကြီးက စာသင် အထူးပျင်းလှ၍ အခြားညီအကိုများ ကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏အကို များ ဝမ်းကွဲအကို များ ဦးလေးများမှာ မိမိတို့ဆိုင်ရာကျောင်း စာမေးပွဲများတွင် ထိပ်တန်းကျကျအောင်မြင် ကြသူချည်းဖြစ်ပေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကို အထူးလိုလားသည်။ ကျွန်တော်၏ အကိုများကို ငါးနှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။ ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်ကာ အလိုလိုက်ထားသဖြင့် အသက် ၈ နှစ်ရောက်မှသာလျှင် ကျောင်းစနေရလေသည်။ ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက်အကို ကိုအောင်သန်းအား အသက် ၁၁ နှစ်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ ၆ တန်းတွင် ရှိလေသည်။ကျွန်တော့်မှာ အသက် ၈ နှစ်ထဲတွင်ရောက် သော်လည်း ကျောင်းမနေရသေးပေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်ကို ပူစာသေးသည်။
          ထိုအခါ မိခင်က ရှင်လောင်းလုပ်မည့်သူသည် စာတတ်မှဖြစ်မည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့ မည်ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။ တန်းကျော်တတ်ခဲ့ရပြန်သဖြင့် လေးနှစ် ဖြင့် ၁၀ တန်းအောင်လေသည်။ အင်္ဂလိပ်မြန်မာ သတ္တမတန်းတွင် တစ်ပြည်လုံးတွင် နဝမ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းများနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဆုကို ရခဲ့ပြီး နောက် ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲမျှနေခဲ့သည်။
          နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်စာများကို မလေ့ကျင့်သဖြင့် ဘီအေ အတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်။ ဘီအေ အထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးဖြစ်၍ အလုပ်ရှုပ် သဖြင့် ဘီအေ စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရသည်။ နောက် ဘီအယ်လ် အတန်းကို တတ်ခဲ့ရသည်။
          အတန်းလည်း မှန်မှန်းမတတ် ၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား ၊စာလည်းမကြည့် မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် ဘီအယ်လ် ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။ ဤကား ကျွန်တော်၏ တစ်သက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇဝင်ဖြစ်သော ပထမ မေးခွန်းတွင် ကျွန်တော် ပထမရရှိခဲ့သည်။ ဒုတိယ ဘီအယ်လ် နှစ်တွင် နှစ်စေ့အောင် ကျွန်တော် မနေရတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ်အခြေအနေနှင့် မြန်မာပြည်တွင်း အဓိကရုဏ်းအခြေအနေများကို ထောက်ဆ၍ တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်နိုင်ရန် ကျောင်းမှ နှစ်ဝက်တွင်ထွက်၍ သခင်ဘဝသို့ ပြောင်းခဲ့လေသည်။
          မြန်မာစာသင် ဘုန်းကြီးကျောင်းတွင် နေရစဉ်က ကျွန်တော် အထူးမပျော်ပိုက်သည့် အချက် တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း ၊ ကလေးသဘာဝ သစ်ပင်တတ် ရေကူး အလုပ်မျိုးကို ပိတ်ပင် ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘောတည်းလောက်ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တတ်ခြင်း ရေကူးခြင်းစသော ကိုယ်လက်ကျမ်းမာ ကျင်လည်မှုတွေကို လေ့လာခွင့်မရ၊ သစ်ပင်တတ်သည်ကိုမြင်ရလျှင် အဆိုအမည်ခံ၇သည်။ ရေကူးသည်ကို အရိုက်ခံရသည်။
          ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်းရ၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျမ်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်းခဲ့ရလေသည်။ ရေနံချောင်းအမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသား ကျောင်းဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စားရာနေရာ ကိရိယာ တန်ဆာပလာများ မထားရှိ နိုင်၍ဖြစ်သည်။
          မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခောတ်နှင့် လျှော်အောင် ပြုပြင်သင့်ပေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့၏ အခြေအနေသည် တိုးတတ်သင့် သလောက် တိုးတတ်မည်မဟုတ်ချေ။
          ပညာဆိုသည်မှာ စာအုပ်စာတန်းဖတ်၍ စာသိကို ပညာ ဟုမဆိုနိုင်ပေ။ ပညာသည် အတိုင်းအဆ မထင် ။ အလွန်ကျယ်ပြောနက်နဲ လှသည်။  ကမ္ဘာပေါ်ရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်တော်တို့သည် ပုခက်တွင်းမှ မြေကြီးထဲရောက်သည် အထိ ပညာသင်သားများဖြစ်စေသည်။
          ပညာကို သိရုံသာမဟုတ် ၊ မြေသစ် ၊ ရေသစ် ၊ တောတောင်သစ်တို့ ရှာဖွေနိုင်စွမ်းစေရမည်။ လောက အကြောင်းကို နားလည်စေရုံသာမဟုတ် ဒီ့ထက်ကောင်းသော လောကသစ်ကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း။
          ပညာသည် ကာလ ဒေသ ပယောက နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးကျသည့် ပညာတွင် သညာလည်းပါသည်။ ဥာဏ်နှင့်လည်းယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုးတတ်၍ သညာမရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ်လှသော ခောတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓါတ်ပညာကို အတတ်မသိဘဲ လောကဓါတ် အတတ်ပညာ ဥာဏ်ကိုသာရလျှင် လောကဓါတ်ပညာ၏ အကျိုးကို တင်ပြည့် အသုံးမပြုနိုင်ပေ။ တိုင်းပြည်အခြေအနေပြဿနာ ခောတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း ခောတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာ တတ်သည် ဟုမဆိုနိုင်ပေ။ လူတစ်ယောက်၏ သက်တမ်းတွင် ဘဝပထမက သိမြင်လာသော စိတ်နေစိတ်ထား ဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲရမည်သာတည်း။
          ယနေ့အယူအဆနှင့် မနက်ဖြန်အယူအဆတို့မှာ တူချင်မှတူပေမည်။ ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ် သူ၏ တစ်သက်တာတွင် ကုန်ဆုံးသည် မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ် နိုင်စွမ်းသော ဥာဏ်ပညာကို ၎င်း ၊ မိမိဥာဏ်စွမ်းအမြင်အရ စိတ်နေစိတ်ထား စိတ်ဓါတ်တို့ကို၎င်း (Emotion of the education) ပြုပြင် ပြုစု စီမံထား ခဲ့သူသာလျှင် ဖြစ်သည်။ ဘီအေပင် အောင်စေကာမူ ၊ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ ၊ပထမကျော် ဘွဲ့ကြီးပင် ရစေကာမူ၊ အသက်အရွယ် ကြီးရင့်စေကာမူ၊ ပညာဟူသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ် နားလည်နိုင်စွမ်း မရှိခဲ့သော် တကယ်အရာမရောက် အသုံမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်လွန်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။
          ပညာသည် လူ၏ ဥာဏ်ကိုသာပြုပြင်တိုးချဲ့သည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတတ်စေရမည်။လူ၏ဆန္ဒကား လုပ်အားကို နူးညွတ်စေရမည်။ ရာဇဝင်ကို သိရုံသာ မဟုတ်။ ရာဇဝင် ဖန်တီးနိုင်ရမည်။ လောကဓါတ်ပညာကို သိရုံသာမဟုတ်၊လောကဓါတ်ပညာကို တိုးချဲ့နိုင်စေရမည်။  ပထမအမှန်ကား လူသားတစ်ဦး၏ တစ်ဘဝတွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည် ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းပေတည်း။ ဝါဒပြောင်းလဲမှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် ဖြစ်သည်။ သမာဓိမတည်ခြင်း မဟုတ်ပေ။ တစ်နည်း တိုးတတ်ခြင်းပေတည်း။
          အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့ကား သမာဓိလက်ကိုင်ထားသူရှားပေသည်။ သမာဓိဆိုသည်မှာ လောက၏ အကောင်းအဆိုး ၊ အကျိုးအပြစ်၊ အပျက်သနစ်အစုံတို့ကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ၊ ချမ်းသာလည်းဝမ်းမသာ၊ ပကတိစိတ်ထားဥာဏ်အမြင်အရ  လူချီးမွမ်း ၊ လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ်မလန့် တသမတ်တည်း တည်ငြိမ်စွာရှိခြင်းကို ဆိုလိုလေသည်။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်ငြိမ်ပုံမျိုးတည်း။ သို့ဖြစ်ရာ သာမာန်ကိုယ်ကျင့်အမူအရာ အပြောအဆို ဗန်းပြ တည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမည ပြောစမှတ်ပြုကြလေသည်။
          အမှန်စင်စစ်ကား ထိုဗန်းပြတည်ငြိမ်မှုတွင် မည်မျှ အတွင်းဖောက်လွှဲဖောက်ပြန်မှုများ တိုးပွား များပြား သည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် အိနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူဟု အသိအမှတ်ပြုခံခဲ့ရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲဖောက်ပြန် သဘောကို မပြပေ။ သို့သော်တကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှ သမာဓိတရားကို ပိုင်ဆိုင်လေသနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ဖတ်ရင်း တွေ့မြင်ကြရပေလိမ့်မည်။
          အသိဆုံးဖြစ်သည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝမပိုင်ဆိုင်ခြင်း၏ အမှတ်လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော် သမာဓိတရားကိုပိုင်ပြီလား။ လုံးဝမပိုင်သေးပေ။ ထို့ကြောင့် လူတိုင်းပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မပြောကြပါနှင့်ဦး။ လူတစ်ယောက်၏ ဥာဏ်အမြင်လှုပ်ရှားပြောင်းလဲမှု၊ ဝါဒပြောင်းမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက်မစောသင့်ပေ။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များက အရှင်အာဒိစ္စဝံသ ဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခုနီများရှိသင့်သည် ဟု စာအုပ်တစ်အုပ် ရေးသားမှုကြောင့် ဝိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏ ။ အမှန်ကား သူ၏ ပြောင်းလဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် မမှားဘူးသူဟူ၍ မရှိ။ အမှားသိမှ အမှန်မြင်ပေမည်။ အမှားတစ်ခုလုပ်ပြီးလျှင် အမှားနှစ်ခါလုပ်မိသောအခါ မှန်လာပေလိမ့်မည်။
          သို့သော်လည်း မှားပင်မှားစေကာမူ မိမိဥာဏ်အမြင်အလျောက် ပြောင်းလည်းမှုများ ရှိအပ်သည်သာတည်း။ လှေနံဓါးထစ်ဆိုသော အပြော အလုပ် သဘောအတွေးတို့မှာ ပညာ၏ အဓိပ္ပါယ် ဆန့်ကျင်ဘက်ပင်တည်း။
          ဗုဒ္ဓဂေါတမသည် သဗ္ဗညုရွှေဥာဏ်တော်ကို ၆ နှစ်တိုင်တိုင် အမှားအမျိုးမျိုးကို ကျော်ကာ ရှာဖွေတွေ့ ရှိခဲ့လေသည်။ ထိုဥာဏ်တော် ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထ မင်းသားသည် မိမိဥာဏ်အမြင်အရ အနုမာန မျက်ရမ်းဆ၍ ပြောင်းလဲမှုစလာလေသည်။
          အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး မောင်းမမိဿံ ချွေရံသင်းပင်းနဲ့တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင် ကမ်းမမြင် ရသေ့ရဟန်းအသွင် လျှော်တေ သင်္ကန်းကို ဝတ်ဆင်၍ ``ဘိက္ခနသိလော ယာစန သိလော တိဘိက္ခု `` ဟူသည်နှင့် အညီ သူတောင်းစား ဘဝလိုမျိုးပြောင်းလဲမှုသည်  သာမာန်ပကတိ မျက်စိအားဖြင့်ကြည့်လျှင် ရူးသည် မိုက်သည်ဟု ဆိုရပေမည်။
          မိမိ၏ မင်းစိတ် မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ် လောကဝါဒစိတ် အား ဤသို့ပြောင်းလဲခဲ့လေသည်။ 
ဗိုလ်ချုပ်အောင်ဆန်း
(ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိစာအုပ်မှ ဖော်ပြသည်။)